အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲများ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး၊ ဇွန် (၉) ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်/ မျှော်မှန်းချက်များအတိုင်း အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတော်၏ အနာဂါတ်သားကောင်းများ အားကစားဆိုင်ရာဗဟုသုတများ ဘက်ပေါင်းစုံ တိုးတက်စေရေးကိုရည်ရွယ်ပြီး ” အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့်အားကစားဆောင်ပုဒ်နှင့်အညီ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား /အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး (အလွတ်တန်း) ဘိလိယက်/စနူကာ ပြိုင်ပွဲများအား အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်မြင့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ယှဥ်ပြိုင်လေ့ကျင့်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဘော်လီဘောဆပ်ကော်မတီဝင်များ၊ ဘတ်စကက်ဘောဆပ်ကော်မတီဝင်များ၊ ဘိလိယက်နှင့်စနူကာဆပ်ကော်မတီဝင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးအောင်မြင့်မှ အဖွင့်အမှာစကားပြောကြားရာတွင်ယနေ့ပြုလုပ်တဲ့အစည်းအဝေးဟာ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဘိလိယက်/စနူကာပြိုင်ပွဲများအား အိမ်ရှင်အဖြစ်အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးအတွက် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ဘော်လီဘောပြိုင်ပွဲကိုတော့ ရှမ်း ပြည်နယ်တွင် အိမ်ရှင်အဖြစ် ၂၀၁၄ ခုနှစ်တွင် ပထမအကြိမ်အဖြစ်ကျင်းပပေးခဲ့ပြီး၊ ၂၀၁၈ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ပြုလုပ်ပေးခဲ့ရာ၊ ယခုနှစ်တွင်ပြန်လည်ကျင်းပပေးတဲ့ တတိယအကြိမ်မြောက် အိမ်ရှင်အဖြစ်လည်းကောင်း၊ ယခုပြိုင်ပွဲများကိုလက်ခံကျင်းပပေးရခြင်းမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းအားကစားကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်စေရန်ရည်ရွယ်ခဲ့ပါကြောင်း၊ ဘတ်စကက်ဘောပြိုင်ပွဲကတော့ ၂၀၁၈ ခုနှစ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ ယခု ၂၀၂၂ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ဘိလိယက်/ စနူကာပြိုင်ပွဲကို ပထမဦးဆုံးအကြိမ်အိမ်ရှင်အဖြစ် တောင်ကြီးမြို့တွင် လက်ခံကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာကြသော ဌာနဆိုင်ရာများအနေဖြင့် ပြိုင်ပွဲများအားလုံးကို အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် မှာကြားသွားသွားခဲ့ပါသည်။

ဆက်လက်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးမှ ပြောကြားခဲ့ရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းမှာ ရှမ်း ပြည်နယ်အတွင်းရှိ အားကစားဝါသနာရှင်များမှ အားကစားကိုပိုမိုစိတ်ပါဝင်စားလာစေရေး၊ အားကစားသမားအသီးသီးရဲ့ မတူကွဲပြားတဲ့ ကစားပုံ/ကစားဟန်များ လေ့လာဖလှယ်နိုင်စေရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် ရှမ်းပြည်နယ်အတွင်းမှ တိုင်းရင်းသားများရဲ့ ယဥ်ကျေးမှုဓလေ့စရိုက်၊ ဒေသန္တရဗဟုသုတများ လေ့လာခွင့်ရရှိစေရေးတို့အတွက် ရည်ရွယ်ကျင်းပပေးရခြင်းဖြစ်ပါကြောင်း ပြောကြားသွားပါသည်။

ဆက်လက်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဥ်ပြိုင်လေ့ကျင့်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်မှ ပြိုင်ပွဲစည်းမျဥ်း/စည်းကမ်းများနှင့် ပတ်သက်၍ ဖြည့်စွက်ပြောကြားသွားခဲ့ပြီး ရှမ်း ပြည်နယ် ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်အောင် ကြိုတင်ပြင်ဆင်ထားရှိမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသွားခဲ့ပြီး အခမ်းအနားကို နံနက်(၁၀:၄၅) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။