အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီလ(၂၇)ရက်။

မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်း ဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့ နံနက် (၆:၃၀)အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် သုံးဆင့်ခုန် (အမျိုးသမီး)၊ လှံတံပစ် (အမျိုးသား)၊ သံလုံးပစ် (အမျိုးသမီး)၊ သုံးဆင့်ခုန် (အမျိုးသား)၊ မီတာ (၁၀၀) တန်းကျော် (အမျိုးသမီး)၊ မီတာ (၁၁၀) တန်းကျော် (အမျိုးသား)၊ မီတာ (၁၀၀) (အမျိုးသား/အမျိုးသမီး)  အပြေး၊ မီတာ (၁၀၀x၄) လက်ဆင့်ကမ်း (အမျိုးသား+အမျိုးသမီး)၊ မီတာ (၄၀၀x၄) လက်ဆင့်ကမ်း (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ (အမျိုးသမီး) သုံးဆင့်ခုန်ပြိုင်ပွဲ၊ (အမျိုးသား) လှံတံပစ်ပြိုင်ပွဲ၊ (အမျိုးသမီး) သံလုံးပစ်ပြိုင်ပွဲ၊ (အမျိုးသမီး) မီတာ(၁၀၀) တန်းကျော် ပြေးပြိုင်ပွဲ၊ (အမျိုးသား) မီတာ(၁၁၀) တန်းကျော်ပြေးပြိုင်ပွဲများတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး များမှ ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသူများအား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသင်းအုပ်ချုပ်သူများမှ တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

(အမျိုးသမီး) မီတာ(၁၀၀) အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့်  (အမျိုးသား+အမျိုးသမီး) မီတာ(၁၀၀x၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရရှိသွားသော တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် တတိယ ဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူများမှလည်းကောင်း၊ 

(အမျိုးသား) မီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ (အမျိုးသား) သုံးဆင့်ခုန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းမှလည်းကောင်း၊

ဆက်လက်၍ (အမျိုးသမီး) မီတာ(၄၀၀x၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရရှိသွားသော တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော ရှမ်းပြည်နယ်အသင်း၊ တတိယဆု ရရှိသွားသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး မှလည်းကောင်း၊

(အမျိုးသား) မီတာ(၄၀၀x၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရရှိသွားသော စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော တနင်္သာရီတိုင်းဒေသကြီးအသင်း၊ တတိယ ဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်းကောင်း၊

ရွှေ (၁၂)ခု၊ ငွေ (၅)ခု၊ ကြေး (၃)ခုဖြင့် (အမျိုးသမီး) တံခွန်စိုက်ဆု ရရှိသွားသော တနင်္သာရီ တိုင်းဒေသကြီးအသင်း၊

ရွှေ (၁၀)ခု၊ ငွေ (၁)ခု၊ ကြေး (၁)ခုဖြင့် (အမျိုးသား) တံခွန်စိုက်ဆု ရရှိသွားသော တနင်္သာရီ တိုင်းဒေသကြီးအသင်း၊ 

ရွှေ (၂၂)ခု၊ ငွေ (၆)ခု၊ ကြေး (၄)ခုဖြင့် စုပေါင်းတံခွန်စိုက်ဆု ရရှိသွားသော တနင်္သာရီ တိုင်းဒေသကြီးအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။