အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး၊ စက်တင်ဘာ(၇)ရက်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို စက်တင်ဘာ(၇)ရက် မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲတွင် ဒေသခံအဆိုတော်များ၊ နည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများမှ ဗမာတိုင်းရင်းသားအကဖြင့် ဖျော်ဖြေခြင်း၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများမှ တိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေကြပြီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ သူနာပြု သင်တန်းကျောင်းမှ ဆရာမများ၊ ပညာရေးကောလိပ်မှ ကျောင်းသား၊ကျောင်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြကြောင်းသိရသည်။

ထို့နောက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ရာ အကောင်းဆုံးဂိုးသမားဆုရ ရန်ကုန်တိုင်းအသင်း အားကစားသမားကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ဆုတံဆိပ်နှင့်ငွေသားဆုကို ချီးမြှင့်ပေး၍လည်းကောင်း၊ အကောင်းဆုံး နောက်တန်းဆုရ ကရင်ပြည်နယ်အသင်း၊ အလယ်တန်းအကောင်းဆုံးဆုရ ရှမ်းပြည်နယ်အသင်း၊ ရှေ့တန်းအကောင်းဆုံးဆုရ ကရင်ပြည်နယ်အသင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရ ရှမ်းပြည်နယ်အသင်းတို့မှ ဆုရရှိသူများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ဆုတံဆိပ်နှင့် ငွေသားဆုတို့ကို ချီးမြှင့်ပေး၍လည်းကောင်း၊ စတုတ္ထဆုရရှိသော ဧရာဝတီတိုင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်စီးပွားရေးရဝန်ကြီးမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ တတိယဆုရရှိသော ရန်ကုန်တိုင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ ဒုတိယဆုရရှိသော ကရင်ပြည်နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသော ရှမ်းပြည်နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီးမှ ချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်းအား ငွေသားဆုနှင့်တံခွန်စိုက်ဆုဖလားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ချီးမြှင့်ပေးပြီး ဒိုင်အဖွဲ့များ၊ ကပြဖျော်ပေးကြသော ပညာရေးဒီဂရီကောလိပ်အဖွဲ့၊ နည်းပညာတက္ကသိုလ်(တောင်ကြီး)အဖွဲ့၊ ဒေသခံအဆိုအဖွဲ့နှင့်ကြက်ခြေနီအဖွဲ့တို့အား ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမမှ စတုတ္ထဆုရရှိသော အသင်းအား တစ်သင်းလျှင် ငွေကျပ်(၅)သိန်းစီ ရှမ်းရှေ့တန်ဆောင်ကိုယ်ပိုင်ကျောင်းမှ ထပ်ဆောင်းဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။