အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာ့အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် အစည်းအဝေးတက်ရောက်

ရန်ကုန်၊ ဇူလိုင်(၈)ရက်။

မြန်မာ့အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် အစည်း အဝေးကို ယနေ့နေ့လည်(၂)နာရီတွင် အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယ ဥက္ကဌများ၊ အတွင်းရေးမှူးများ တက်ရောက်ကြ ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ အစည်းအဝေးတက်ရောက်လာသူများနှင့် မိတ်ဆက်ပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင်

– မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအနေဖြင့် စုံစုံလင်လင်တက်ရောက်ပေးသည့် အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနတွင် စတင်တာဝန်ထမ်းဆောင်သည့်အချိန်တွင် COVID-19 ကပ်ရောဂါ အခြေအနေကြောင့် အဖွဲ့ချုပ်အားလုံးကို တွေ့ဆုံရန် နေရာအခက်အခဲရှိသည့် အတွက် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ချုပ်များနှင့်သာ ဦးစားပေး တွေ့ဆုံဆွေးနွေးခဲ့ရပြီး ယခုမှ ပထမဆုံးအကြိမ်အဖြစ် အဖွဲ့ချုပ်အားလုံးကို စုံစုံညီညီတွေ့ဆုံနိုင်ခြင်းဖြစ်ပါကြောင်း၊

– မြန်မာ့အားကစားအဆင့်အတန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတစ်ခုတည်း စွမ်းဆောင်၍ မဖြစ်နိုင်ကြောင်း၊

– အဖွဲ့ချုပ်များအနေဖြင့်မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် နောင်နှစ်ပေါင်းများစွာအထိ မိမိတို့၏ အားကစားနည်း တိုးတက်အောင်မြင်အောင် ကြိုးစားအားထုတ်ဖို့ လိုအပ်ပါကြောင်း၊ အဖွဲ့ချုပ်များ၌အတွေ့အကြုံရှိရှိဖြင့် ချင့်ချိန်လုပ်ကိုင်ဆောင်ရွက် နိုင်သောသူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊

– ပြီးခဲ့သည့်ကာလများကို ပြန်လည်သုံးသပ်ကြည့်ရာတွင် အဖွဲ့ချုပ်များနှင့် ဝန်ကြီးဌာနနှစ်ဖက်စလုံးမှာ အားနည်းချက်ရှိသည်ကို သုံးသပ်မိပါကြောင်း၊ ဝန်ကြီးဌာနနှင့် အားကစားအဖွဲ့ချုပ်တို့သည် လုပ်ဖော်ကိုင်ဖက်များသာဖြစ်ပါကြောင်း၊

– စည်းလုံးခြင်းသည်အင်အားတစ်ခု (Unity is Strength) ဖြစ်သည့်အတွက် တစ်သွေးတည်းတစ်သားတည်း အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ဝန်ကြီးဌာနရဲ့ အားနည်းချက်မရှိအောင်၊ အဖွဲ့ချုပ်များနှင့် နွေးနွေး ထွေးထွေး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်အောင်၊ အချိန်နှင့်တစ်ပြေးညီ လက်တွေ့လုပ်ဆောင်နိုင်အောင် မိမိဝန်ကြီးဌာနကိုလည်း မှာကြားထားပြီးဖြစ်ပါကြောင်း၊ အားကစားအဖွဲ့ချုပ်များမှလည်း အတူတကွပူးပေါင်းပါဝင်ဆောင်ရွက် ပေးစေလိုကြောင်း၊

– (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှု မြင့်မြင့်မားမားမရရှိခဲ့သော်လည်း ယခင်ကထက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ပိုမိုရရှိခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲမတိုင်ခင်ကာလများ၌ အားကစား စခန်းများတွင် အားကစားသမားများ၊ နည်းပြများအား စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းဆိုင်ရာနှင့် စားသောက်နေထိုင်ရေးစသည်တို့ကို လစ်ဟာမှုမရှိအောင် ချက်ခြင်းအကဲခပ် ဆောင်ရွက်ပေးခဲ့သလို အားကစားသမားများအား နိုင်ငံနှင့်လူမျိုးအတွက် သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည့်အတွက် အနိုင်/အရှုံး ထက် ကစားသမားတိုင်း နောက်ဆုံးစက္ကန့်အထိ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ရေကုန်ရေခမ်း ယှဉ်ပြိုင်ရဲတဲ့ မြန်မာ့စိတ်ဓါတ်၊ မြန်မာ့သတ္တိကို ပြသရန်လိုသည်ဟု မိဘသဖွယ် အနီး ကပ်ကြီးကြပ်၍ စိတ်ဓါတ်မြှင့်တင်ပေးပြီး ယှဉ်ပြိုင်စေခဲ့သည့် အတွက် ထိုက်သင့်သော ရလဒ်ကောင်းများ ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊

– လာမည့် (၃၂)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံဖြစ်သည့် အတွက် ” အိမ်ရှင်” ဟူသော အားသာချက်ကို ရယူ၍ နိုင်ငံအလိုက်ရပ်တည်မှု၌ အဆင့်(၄)(၅)လောက်ရယူနိုင်ကြောင်း၊

– ဒါ့ကြောင့် မိမိတို့အနေဖြင့်လာမည့် (၃၂)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲ၌ နံပါတ်(၁) အနေဖြင့် နိုင်ငံအလိုက်အဆင့် မကျအောင်ကြိုးစားရန်၊ နံပါတ်(၂)အနေဖြင့် ယခုရရှိခဲ့သည့် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရလဒ်များထက် (၂)ဆ ပိုမိုရရှိအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

– အရှေ့တောင်အာရှအားကစားပြိုင်ပွဲတိုင်း၌ ပြေးခုန်ပစ်အားကစားနည်းနှင့် ရေကူးအားကစားနည်းများတွင် ရွှေတံဆိပ်ဆု (၄၀)နှင့်အထက် ချီးမြှင့်ခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ထိုအားကစားနည်း(၂)မျိုးကို ဝင်ရောက်ယှဉ်ပြိုင်မှု အားနည်းပါက မပြိုင်ခင်ကပင် ရွှေတံဆိပ်ဆု (၈၀)ကျော်ရှုံးနေပြီဟု သုံးသပ်မိပါကြောင်း၊

– နိုင်ငံတော်အကြီးအကဲများ၏ အားကစားဖြင့် နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်ရေးအတွက် လမ်းညွှန်ချက်နှင့်အညီ နေပြည်တော် Youth Camp တွင် အားကစားသမား (၁၅၀) ဦးခန့် စတင်စခန်းသွင်း လေ့ကျင့်ပေးလျက်ရှိပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အားကစားသမားကောင်းရရှိဖို့အတွက် မဖြစ်မနေ ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊

– ဝန်ကြီးဌာန၊ အားကစားအဖွဲ့ချုပ်များ၊ အားကစားသမား၊ နည်းပြများသည် (၄)ဦး(၄)ဖက် ဒေါက်တိုင်သဖွယ် ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊

– အားကစားဖြင့်နိုင်ငံဂုဏ်ဆောင်နိုင်ရေးအတွက်စည်းလုံး ညီညွတ်မှုသည် အင်အားတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ပံ့ပိုးမှုအပြင် အဖွဲ့ချုပ်များ၏ ပံ့ပိုးမှု ပူးပေါင်းလိုက်ပါက အားကစားသမားများပို၍ စိတ်ဓါတ်မြင့်မားပြီး အောင်မြင်မှုရရှိမည်ဟု ယုံကြည်ပါကြောင်း၊ အဖွဲ့ချုပ်များ၏ ပူးပေါင်းလုပ်ဆောင်မှု၊ လှုပ်ရှားမှုများတွင် လူအင်အား၊ ငွေအား၊ အချိန်ပေး၍ လုပ် ဆောင်ပေးမှုများကို နားလည်ပါကြောင်း၊ ရေရှည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းရသည်မှာ ခက်ခဲပါကြောင်း၊ တတ်စွမ်းသ၍ ထိန်းသိမ်းစောင့်ရှောက်အောင်မြင်အောင်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ အဖွဲ့ချုပ်များ၏ လုပ်ဆောင်နေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အချိန်မရွေး အစွမ်းကုန်ဖြည်ဆည်းပေးဖို့ အစဉ်သင့်ရှိပါကြောင်း၊ သို့ပါသော်လည်း လုပ်ဆောင်မှုတိုင်းတွင် ရူပဗေဒသဘောအရ ” အရွေ့” ရှိဖို့ လိုအပ်ပါကြောင်း၊ ထို့သို့ ” အရွေ့” ရှိဖို့ လုပ်ဆောင်ရာတွင် အခက်အခဲရှိပါက ရင်းနှီးပွင့်လင်းစွာတင်ပြလာလျှင် ပြောင်းလဲရန်လိုအပ်ပါက ပြောင်းလဲဖွဲ့စည်းပေးသွားမည်ဖြစ်ပါကြောင်း၊

– မြန်မာနိုင်ငံအိုလံပစ်ကော်မတီအနေဖြင့် တစ်ချို့သောအဖွဲ့ချုပ်များ၌ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့ချုပ်များ၏ ပံ့ပိုးမှုများရရှိသည်ကို သိရှိပါကြောင်း၊ ထိုသို့ရရှိသော ရန်ပုံငွေများကို စနစ်တကျသုံးစွဲဖို့ လိုအပ်သည်ကို အသိပေးလိုပါကြောင်း၊

– အားကစားကို မည်သည့်အရောင်မျှ မဆိုးဘဲ အဖြူထည်သက်သက်ဖြင့် မိမိနိုင်ငံနှင့် လူမျိုးအတွက် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးတစ်ခုတည်းကိုသာ အာရုံစိုက် လုပ်ဆောင်နိုင်ရေးကို ဦးတည်ဆောင်ရွက်ကြစေလိုကြောင်းပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။