အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များမှ အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား

နေပြည်တော်၊ မတ် (၃၁)။

၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များမှ အုပ်ချုပ်/ နည်းပြ၊ အားကစားသမားများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြိုင်ပွဲဝင် အားကစားအဖွဲ့များအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားရာတွင် အိမ်ရှင်နိုင်ငံက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အားကစားနည်း(၄၀)နည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း(၁၉)နည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး အချို့အားကစားနည်းများကို တရုတ်နိုင်ငံတွင်လည်း (Joint Training) ပူးတွဲလေ့ကျင့်မှုများပြုလုပ်ခဲ့ခြင်းဖြင့် ကြိုတင်ပြင်ဆင် လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပြိုင်ပွဲသုံးပစ္စည်းများနှင့် ပြိုင်ပွဲဝင်ဝတ်စုံများ၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများအား လိုအပ်ချက်များမရှိအောင် အဘက်ဘက်မှ ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးထားကြောင်း၊ အားကစားသမားများအား စိစစ်ရွေးချယ်ရာတွင် သတ်မှတ်စံနှုန်းအတိုင်း စံချိန်စံညွှန်းကောင်းမွန်ပြီး ထူးချွန်သည့် အကောင်းဆုံးအားကစားသမားများကိုသာ အားကစားနည်းအလိုက် ရွေးချယ်ရေးအဖွဲ့များဖြင့် မှန်မှန်ကန်ကန် စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးချယ်ခြင်းမခံရသည့် အားကစားသမားများအနေဖြင့် မိမိထက် အရည်အချင်းပြည့်ဝပြီး ထူးချွန်သူများကို တာဝန်ရှိသူများမှ စနစ်တကျ မှန်မှန်ကန်ကန် စိစစ်ရွေးချယ်ခဲ့မှုများအပေါ် စိတ်ပျက်အားငယ်ခြင်းမပြုဘဲ နောင်လာမည့်ပြိုင်ပွဲများတွင် ပိုမိုကောင်းမွန်ထူးချွန်သည့် အားကစားသမားများဖြစ်အောင် အစွမ်းကုန် ပြန်လည်ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခြင်းခံထားရသည့် အားကစားသမားများကလည်း နိုင်ငံ့ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် နောက်ဆုံးအချိန်ထိ မဆုတ်မနစ်သော ဇွဲ၊ စိတ်ဓာတ်၊ လုံ့လ၊ ဝီရိယတို့ဖြင့် အားသွန်ခွန်စိုက် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုကြောင်း၊ တားမြစ်ဆေးဝါးသုံးစွဲခြင်းသည် နိုင်ငံ့ဂုဏ်သိက္ခာကိုထိခိုက်စေပြီး ဆုတံဆိပ်ရရှိမည့် အခွင့်အရေးဆုံးရှုံးနိုင်သည့် အတွက် မိမိကိုယ်တိုင်နှင့် နိုင်ငံတော်အတွက်ပါ ဆုံးရှုံးနစ်နာနိုင်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားအဖွဲ့များအားလုံး တားမြစ်ဆေးဝါးသုံးစွဲမှုမရှိစေရေး အုပ်ချုပ်/နည်းပြများအနေဖြင့် အားကစားသမားများအား အနီးကပ် ကြီးကြပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျန်းမာရေးသည် အထူးအရေးကြီးကြောင်း၊ ကျန်းမာမှ မိမိတို့၏ အရည်အချင်း၊ အစွမ်းအစများကို ဖော်ထုတ်ပြသနိုင်မည်ဖြစ်သည့်အတွက် အားကစားသမားများအားလုံး နေထိုင်၊ သွားလာ၊ စားသောက်၊ လေ့ကျင့်မှုများကို အထူးဂရုစိုက်ကြရန်လိုကြောင်း၊ အားကစားအဖွဲ့များအားလုံး စည်းလုံးညီညွတ်စွာဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ထားရှိပြီး အပြန်အလှန် လေးစားချစ်ခင်မှုရှိမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့် အားကစားသမားများ၏ ကြိုးစားခဲ့မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် နိုင်ငံတော်မှအောင်မြင်မှု ဆုတံဆိပ်ရရှိခဲ့သူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း၊ လာမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ယခင်နှစ်ထက် ပိုမိုရရှိအောင် ဆောင်ရွက်ကြရမည့်အပြင် နိုင်ငံအလိုက် အဆင့်တက်အောင် ပိုမိုကြိုးစားယှဉ်ပြိုင်ခဲ့ကြရန် နိုင်ငံတော် အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည့်အတွက် အားကစားသမားများအနေဖြင့် ရွှေတံဆိပ်ဆုများ ပိုမိုရရှိအောင် အစွမ်းကုန်ကြိုးစားအားထုတ်ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ အောင်မြင်မှုရရှိသူများကိုလည်း ယခင်နှစ်များနည်းတူ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ နည်းပြများအနေဖြင့် မိမိအားကစားသမားများကို ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်အောင် အနီးကပ်သင်ကြားပြသပေးနေသူများဖြစ်သည့်အတွက် နည်းပြကဏ္ဍသည် အရေးကြီးကြောင်း၊ အမှန်တကယ်အရည်အချင်းရှိပြီး ထူးချွန်သူကို မှန်မှန်ကန်ကန် စိစစ်ရွေးချယ်မှသာ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပိုမိုပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ အားကစားသမားများကလည်း နည်းပြများအပေါ် လေးစားယုံကြည်အားကိုးလာနိုင်မည်ဖြစ်ကြောင်း၊ နည်းပြများအနေဖြင့် အားကစားသမားများမှ ယုံကြည်အားကိုး လေးစားမှုရှိသည့် နည်းပြဆရာကောင်းများဖြစ်အောင် ပြုမူနေထိုင်ပြောဆို၍ လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အားကစားသမားမောင်မယ်များအနေဖြင့် မိမိကိုယ်ကို ဂုဏ်ယူစွာဖြင့် နေထိုင်လုပ်ဆောင်သွားကြရန်လိုကြောင်း၊ အားကစားအဖွဲ့များအားလုံး အောင်မြင်မှု ဆုတံဆိပ်များဆွတ်ခူးနိုင်အောင် အစွမ်းကုန်ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ပြိုင်ပွဲဝင်အုပ်ချုပ်/နည်းပြ၊ အားကစားသမားများ တက်ရောက်ခဲ့ကြောင်းသိရသည်။