အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ မတ်(၂၀)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများဖြစ်လာစေရန်၊ ရုံးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကွန်ပျူတာကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်နိုင်စေရန်အတွက် ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ အခြေခံကွန်ပျူတာသင်တန်းကို တက်ရောက်ခြင်းဖြင့် ရုံးလုပ်ငန်းများအား ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်း၊ ရုံးစာများ ရေရှည်ထိန်းသိမ်းခြင်းများကို စနစ်တကျကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်နိုင်စေရန်နှင့် ကွန်ပျူတာနှင့် ပတ်သက်သည့် ဆက်စပ်ပညာရပ်များကိုလည်း နားလည်တတ်ကျွမ်းထားရန်လိုကြောင်း၊ Information and Communications Technology (ICT) ခေတ်ဖြစ်သည့်အတွက် ကွန်ပျူတာနည်းပညာကို မဖြစ်မနေ သိရှိနားလည်ထားရန် လိုအပ်ကြောင်း၊ တိုးတက်ပြောင်းလဲနေသည့် ခေတ်ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် နည်းပညာနှင့် ပတ်သက်သည့် ပညာရပ်များ၊ အသိပညာ၊ အတတ်ပညာများနှင့် ဗဟုသုတများ တိုးပွားလာစေရန်အတွက် စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားရန်လိုကြောင်း၊ လက်တွေ့နယ်ပယ်တွင် ထိရောက်စွာ အသုံးချရန် သင်ကြားပို့ချခဲ့သည့် ပညာရပ်များ၊ လေ့လာသိရှိထားသည့် ဗဟုသုတများကို လုပ်ဖော်ကိုင်ဖက်များနှင့် အချင်းချင်း ပြန်လည်မျှဝေ၍ ဌာနတိုးတက်ရေးအတွက် လက်တွေ့ အကောင်ထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းစိတ်မမွေးဘဲ အဖွဲ့အစည်းစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ ပေးအပ်သောလုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ပြီး နိုင်ငံတော်မှ အားထားရသည့် ဝန်ထမ်းကောင်းများဖြစ်လာအောင် ပညာဝမ်းစာများ ပြည့်ဝစေရန်အတွက် လေ့လာမှုများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်လေ့လာ ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို မတ်လ(၂၀)ရက်နေ့မှ (၃၁)ရက်နေ့အထိ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ကွန်ပျူတာခန်းမ၌ သင်တန်းသား/သင်တန်းသူ(၂၀)ဦးအား သင်တန်းနည်းပြဆရာမ(၃)ဦးတို့မှ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။

အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။