အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် အာရှခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးဒိုင်လူကြီးသင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

နေပြည်တော်၊ မတ်(၆)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် အာရှခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးဒိုင်လူကြီးသင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း  Gold Camp ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အာရှခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Mr. Dato Abdul Halim Bin Kader ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ သင်တန်းတက်ရောက်လာကြသည့် Malaysia၊ Singapore၊ Indonesia၊ Philippines၊ Thailand၊ Cambodia၊ Myanmar နိုင်ငံတို့မှ သင်တန်းသား/သင်တန်းသူများ တစ်ဦးချင်း ဂါရဝပြု မိတ်ဆက်ခဲ့ပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အာရှခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Mr. Dato Abdul Halim Bin Kader က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာ့ရိုးရာအားကစားနည်းဖြစ်သော ခြင်းလုံး အားကစားနည်းအား အရှေ့တောင်အာရှအဆင့်မှအာရှ၊ အာရှအဆင့်မှကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မေလတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ဒိုင်လူကြီးများအား မွမ်းမံသင်တန်း အဖြစ် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ မြန်မာ့ခြင်းလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များအား အကျယ်တဝင့် ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။