အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီးရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများနှင့်အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ သင်တန်းသား/သူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ (၂၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး တိုင်း/ခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)မှ ဝန်ထမ်းများနှင့် သင်တန်းသား/သူများအား တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားခြင်း အခမ်းအနားကို ဖေဖော်ဝါရီ (၁၉)ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဝန်ထမ်းများနှင့် သင်တန်းသား/သူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းတာဝန်များကို ပိုမိုကျွမ်းကျင်ပြီး မှန်မှန်ကန်ကန်နှင့် မြန်ဆန်စွာဆောင်ရွက်နိုင်စေရန် အမြဲတမ်းလေ့လာဆည်းပူး မှတ်သားနေကြရန်နှင့် ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာမြင့်မားစေရန်အတွက် မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ စိတ်ဓာတ်ကျ အားငယ်စိတ်များမထားဘဲ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ပညာဝမ်းစာများ ပြည့်ဝအောင် စာအုပ်၊ စာပေများများ လေ့လာဖတ်ရှု့မှတ်သားရန်လိုကြောင်း၊ အထက်အောက် အပြန်အလှန် လေးလေးစားစား ပြောဆိုဆက်ဆံကြရန်နှင့် တစ်ဦးတစ်ယောက်ကောင်းစိတ်မမွေးဘဲ အချင်းချင်း ရိုင်းပင်းကူညီ၍ မိသားစု ညီအစ်ကိုမောင်နှမ စိတ်ဓာတ်ထားရှိပြီး ပူးပေါင်းဆောင်ရွက် လုပ်ကိုင်မှသာ လုပ်ငန်းများအဆင်ပြေ ချောမွေ့အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် လုံခြုံရေး အထူးဂရုစိုက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများ အခက်အခဲများ၊ လိုအပ်ချက်များရှိပါက တာဝန်ရှိသူများထံတင်ပြ၍ လမ်းညွှန်ခွင့်ပြုချက်ရယူပြီးမှ လုပ်ကိုင်ဆောင်ရွက်သွားကြရန်နှင့် အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့ပြီး အမြဲတမ်း စိမ်းလန်းစိုပြေစေရန်၊ သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ပြည်သူများ ပျော်ရွှင်စွာလာရောက်လေ့ကျင့်ကစားနိုင်စေရန်အတွက် အားကစားကွင်း/အားကစားရုံများအား ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ သင်တန်းသား/သူများကို ကိုက်ညီသင့်လျော်မည့် အားကစားနည်းအမျိုးအစားအလိုက် (Event)များ ခွဲဝေသတ်မှတ်၍ စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ၎င်းတို့၏ အခက်အခဲများ၊ တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် သင်တန်းသား/သူများအား ပညာရေးပိုင်းနှင့် အားကစားပိုင်းမှာပါ ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများဖြစ်အောင် မလျော့သော ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်တို့ဖြင့် ကြိုးစားလေ့ကျင့်ကြရန်လိုကြောင်း၊ ကျန်းမာရေး အထူးဂရုစိုက်ကြရန်နှင့် အတန်းတင်စာမေးပွဲ အဆင်ပြေချောမွေ့ပြီး အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ရှိ အောင်ဇေယျာအားကစားခန်းမနှင့် ဘောလုံးအားကစားကွင်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/ အားကစားရုံများ ရေရှည်တည်တံ့ပြီး အမြဲတမ်း စိမ်းလန်းစိုပြေ၍ သန့်ရှင်သပ်ရပ်မှုရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ပြည်သူများ လာရောက်လေ့ကျင့်ကစားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ပြီးနောက် ကလေးခရိုင်နှင့် ကလေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် အသိပညာဗဟုသုတများ ပြည့်ဝစေရန် စာများများဖတ်ရှုပြီး လေ့လာမှတ်သားရန်လိုကြောင်း၊ ကျန်းမာရေးနှင့် လုံခြုံရေး အထူးဂရုစိုက်ကြရန်နှင့် အထက်အောက်အပြန်အလှန် လေးလေးစားစား ပြောဆိုဆက်ဆံကြရန်လိုကြောင်း၊ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ အခက်အခဲများနှင့် တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။