အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ (၁၄)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ ညနေ(၃)နာရီအချိန်တွင် ၂၀၂၃ ခုနှစ် မေလ (၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Training Hall No.(1) ၌ လေ့ကျင့်လျက်ရှိသည့် ဂျူဒိုအားကစားသမားများအား ဂျပန်နည်းပြ YAMATO HIRANUMA နှင့် မြန်မာနည်းပြ ဆရာ/ဆရာမများမှ စနစ်တကျသင်ကြားလေ့ကျင့်ပေးနေမှုများအားလည်းကောင်း၊ ခြင်းလုံးအားကစားသမားများနှင့် ဗိုဗီနမ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဖူဆယ်အားကစားရုံတွင် (Hooptakraw) ဂွင်းသွင်းခြင်းခတ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ အလေးမအားကစားရုံတွင် အလေးမအားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ (GYM)ခန်းမတွင် ပိုက်ကျော်ခြင်းအားကစားသမားများ၏ (GYM Training) လေ့ကျင့်နေမှုများအားလည်းကောင်း၊ အားနစ်အားကစားသမားများ၏ လေ့ကျင့်နေမှု များအားလည်းကောင်း၊ ပီတန်းအားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားအဖွဲ့များမှ အုပ်ချုပ်/နည်းပြနှင့်အားကစားသမားများအား (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အချိန်ကာလနီးကပ် လာပြီဖြစ်သည့်အတွက် အားကစားသမားများအနေဖြင့် နည်းပြဆရာ၏ သင်ကြားပေးမှုအတိုင်း ကြိုးစားလေ့ကျင့်ရန်လိုကြောင်း၊ မိမိနိုင်ငံဂုဏ်သိက္ခာမြှင့်တင်နိုင်ရန်နှင့် အဆင့်တန်းမြင့်မြင့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ယခုကတည်းက အစွမ်းကုန်ကြိုးစားလေ့ကျင့်ကြရန်လိုကြောင်း၊ ကျန်းမာရေးသည် အဓိကအရေးကြီးသည့်အတွက် နေထိုင်၊ သွားလာ၊ စားသောက်၊ လေ့ကျင့်မှုများတွင် အထူးဂရုစိုက်ကြရန်လိုကြောင်း၊ ကျန်းမာရေးမကောင်းပါက မိမိတို့ကြိုးစား လေ့ကျင့်ထားမှုများ၊ အရည်အချင်းများဖော်ထုတ်ပြသနိုင်မည့် အခွင့်အရေးဆုံးရှုံးနိုင်ပြီး မိမိကိုယ်တိုင်ရော နိုင်ငံအတွက်ပါ နစ်နာဆုံးရှုံးနိုင်ကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲများယှဉ်ပြိုင်ရာတွင် အောင်မြင်မှုရရှိရန် နောက်ဆုံးအချိန်ထိ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝိရိယ၊ စိတ်ဓာတ်တို့ဖြင့် ရေကုန်ရေခန်း အားသွင်းခွန်စိုက် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုကြောင်း၊ မိမိခံနိုင်ရည်အား၊ သက်လုံ၊ ကျွမ်းကျင်မှုများကို ကြိမ်ဖန်များစွာ ပိုမိုတိုးတက်ကောင်းမွန်အောင် နည်းပြများ၏ သင်ကြားပြသလေ့ကျင့်ပေးသည့်အတိုင်း စနစ်တကျ လေ့ကျင့်ကြရန်လိုကြောင်း၊ နည်းပြများအနေဖြင့် အားကစားသမားများကို သားသမီးများသဖွယ် ဂရုစိုက်စောင့်ရှောက်၍ လိုအပ်ချက်များ၊ အခက်အခဲများကို ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ နည်းပြများအချင်းချင်း ညီအကိုမောင်နှမကဲ့သို့ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်သွားကြရန်လိုကြောင်း၊ အားကစားသမားများအား Training ပြုလုပ်ရာတွင် မခိုမကပ်ဘဲ ပြည့်ပြည့်ဝဝလေ့ကျင့်ပြီး မိမိကိုယ်မိမိ ယုံကြည်မှု၊ ခံယူချက်၊ အနိုင်ရလိုစိတ် ပြင်းပြစေရန်အတွက် စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာများတွင် အနီးကပ်စောင့်ကြည့်၍ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများ၊ လိုအပ်ချက်များ၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး အခက်အခဲများရှိပါက တာဝန်ရှိသူများမှ တစ်ဆင့် အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြနိုင်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ စားရိပ်သာ (၁) နှင့် (၂) တို့တွင် အားကစားသမားများအား ညနေစာ ပြင်ဆင်ကျွေးမွေးနေမှုများ၊ အသီးအရွက်ထားရှိသည့်နေရာနှင့် အသီးအရွက်လှီးဖြတ်သည့်နေရာ၊ ချက်ပြုတ်သည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အစားအစာများကို အရသာရှိရှိ၊ အဟာရနှင့် ညီညွတ်မျှတပြီး သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ်ပြင်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။