အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

နေပြည်တော်၊ စက်တင်ဘာ(၂)ရက်။

မြန်မာ့ဘောလုံးအားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်း မြှင့်တင်နိုင်စေရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ” ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ” ကို ယနေ့ ညနေ (၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးအေးထွန်း၊ ဒေါက်တာမိုးဇော်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ဌာနဆိုင်ရာများ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့ကြ ပါသည်။

ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို (၁)ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့ပြီး ပထမတံခွန်စိုက်ဒိုင်းဆုအား ဆွတ်ခူးရရှိခဲ့ပါသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၁၈) ဟိန်းထက်စိုးနှင့် အကောင်းဆုံးနောက်တန်းအားကစားသမားဆု ရရှိခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းမှ ကျောနံပါတ် (၂၅) အောင်ဇင်ဖြိုးတို့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းမှလည်းကောင်း၊ အကောင်းဆုံးအလယ်တန်းအားကစားသမားဆု ရရှိခဲ့သည့် ကာကွယ်ရေး ဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၇) ကျော်စိုးဦး၊ အကောင်းဆုံးရှေ့တန်းအားကစားသမားဆု ရရှိခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၂၂) စောနေမျိုးထွန်းနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆု ရရှိခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၁၁) မင်းမော်ဦးတို့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းမှလည်းကောင်း တစ်ဦးချင်းအကောင်းဆုံးဆုများနှင့် ငွေသားဆုများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍ စတုတ္ထဆု ရရှိခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းမှ ငွေသားကျပ် (၁၀)သိန်းအားလည်းကောင်း၊ တတိယဆု ရရှိခဲ့သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၁၅)သိန်းအားလည်းကောင်း၊ ဒုတိယဆု ရရှိခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ကျပ်သိန်း(၂၀)အားလည်းကောင်း၊ ပထမတံခွန်စိုက်ဒိုင်းဆု ရရှိခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုကျပ်သိန်း(၃၀)နှင့် တံခွန်စိုက်ဒိုင်းဆုအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်းသတင်းရရှိပါသည်။