အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်ဇံ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

နေပြည်တော်၊ ဩဂုတ် (၁၆)ရက်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ “ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ(၃:၀၀)နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်အုန်း၊ ဦးမြင့်ကြိုင်၊ ဦးမင်းသိန်းဇံနှင့် ဒေါက်တာဌေးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးစန်းလွင်၊ ဦးမြင့်စိုး၊ ဦးမျိုးလှိုင်နှင့် ဦးဇော်အေးမောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။    

ယနေ့ နံနက်ပိုင်းတွင် ဂျူဒိုပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး)အသင်းလိုက်  ရှုံး/ထွက်ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက် (အမျိုးသား)တတိယလုပွဲ ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရခိုင်ပြည်နယ်အသင်းမှ (၄)ပွဲ(၃)ပွဲဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးအသင်းမှ (၄)ပွဲ(၃)ပွဲဖြင့်လည်းကောင်း၊ (အမျိုးသမီး)တတိယလုပွဲ ပွဲစဉ်တွင် ရှမ်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးအသင်းက (၄)ပွဲ (၂)ပွဲဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက (၅)ပွဲ(၁)ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။ 

ထို့နောက် မွန်းလွဲပိုင်းတွင် ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ကျင်းပပြုလုပ်ရာ (အမျိုးသား) အသင်းလိုက်ပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ကချင်ပြည်နယ်အသင်းက (၅)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ (အမျိုးသမီး)အသင်းလိုက် ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကချင်ပြည်နယ်အသင်းက (၅)ပွဲ(၁)ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ (အမျိုးသား) အသင်းလိုက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ရခိုင်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့အား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းမှလည်းကောင်း၊ (အမျိုးသမီး)အသင်းလိုက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် အမျိုးသား(-၇၃)ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်မှလည်းကောင်း၊ အမျိုးသား(-၈၁)ကီလိုတန်း ပြိုင်ပွဲနှင့် အမျိုးသား (-၉၀)ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်းကောင်း၊ အမျိုးသား(+၉၀) ကီလိုတန်း ပြိုင်ပွဲနှင့် အမျိုးသမီး(-၆၃)ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယ ဆုရရှိကြသူများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးမှ လည်းကောင်း၊ အမျိုးသမီး(-၇၀)ကီလိုတန်းနှင့်(+၇၀)ကီလိုတန်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်ပူးတွဲတတိယဆုရရှိကြသူများကို ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစန်းလွင်မှ လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ပြိုင်ပွဲတွင်(အမျိုးသား)အကောင်းဆုံးဆုနှင့်(အမျိုးသမီး)အကောင်းဆုံးဆု ရရှိသည့် မောင်ဖြိုးသက်ဇော် (ကချင်)နှင့် မတင်ဇာမြင့်(ကချင်)တို့အား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် မှ Trophy နှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁)သိန်းစီအားလည်းကောင်း၊ ရွှေ(၄)ခု၊ ငွေ(၅)ခုဖြင့် အမျိုးသား တံခွန်စိုက်ဆုရရှိသည့် ကချင်ပြည်နယ်အသင်းအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှလည်းကောင်း၊ ရွှေ(၇)ခု၊ ငွေ(၂)ခု၊ ကြေး(၂)ခုဖြင့် အမျိုးသမီး တံခွန်စိုက်ဆုရရှိသည့် ကချင်ပြည်နယ်အသင်းအား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်မှလည်းကောင်း၊ ရွှေ(၁၁)ခု၊ ငွေ(၇)ခု၊ ကြေး(၂)ခုဖြင့် စုပေါင်း တံခွန်စိုက်ရရှိသည့် ကချင်ပြည်နယ်အသင်းအား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းမှလည်းကောင်း တံခွန်စိုက်ဆုများအား ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌမှ တံခွန်စိုက်ဆုရရှိသည့် ကချင်ပြည်နယ်အသင်းအား ထပ်မံဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၀)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။