အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုနယ်မြေ(နေပြည်တော်)ပုဗ္ဗသီရိမြို့နယ် နှင့် ဇေယျာသီရိမြို့နယ်ရှိ မသန်စွမ်းလူငယ်များအား မသန်စွမ်းအသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဩဂုတ်(၁၆)ရက် ။             

 မြန်မာနိုင်ငံအတွင်းရှိမသန်စွမ်းလူငယ်များ၏ အခွင့်အရေးကို ကာကွယ်ရေး၊ မသန်စွမ်းလူငယ်များ၏ ဘဝမြှင့်တင်ရေးနှင့် ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မသန်စွမ်းလူငယ်များအား အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း(၁၀:၀၀)နာရီတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးရှိ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်း၊ မသန်စွမ်းလူငယ်ရေးရာဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်း၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့မှ မသန်စွမ်းလူငယ်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

 ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက မသန်စွမ်းသူများ နှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ မသန်စွမ်းအမျိုးအစားအလိုက် ထောက်ပံ့ပေးနေပါကြောင်း၊ မသန်စွမ်းသင်တန်းကျောင်းများ ဖွင့်လှစ်ထားရှိပြီး မသန်စွမ်းအသက်မွေးဝမ်းကျောင်းပညာများကို သင်ကြားပေးလျက်ရှိပါကြောင်း၊ ယခုအခါတွင် နိုင်ငံတော်အတွက် အနာဂတ်တွင် အားထားရမည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းပြီး လူငယ်ရေးရာဦးစီးဌာနကို ထပ်မံဖွဲ့စည်းကာ တိုင်းပြည်အတွက် လူငယ်များအသိပညာ၊ အတတ်ပညာများ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး အတွေးအခေါ်ဉာဏ်ပညာ ရင့်သန်လာစေပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူတော်လူကောင်းများ ပေါ်ထွက်လာစေရေးကို ဦးတည်လျက်ဆောင်ရွက်နေပါကြောင်း၊ ၎င်းတာဝန်များအနက်မှ လူငယ်ရေးရာဦးစီးဌာန၏ မသန်စွမ်းလူငယ်ရေးရာဌာနခွဲမှ မသန်စွမ်းလူငယ်များနှင့်ပတ်သက်၍ မသန်စွမ်းလူငယ်များ၏ အခွင့်အရေးများ၊ မသန်စွမ်းလူငယ်များဘဝမြှင့်တင်ရေး၊ ပညာသင်ကြားနိုင်ရေး၊ အသက်မွေးပညာရပ်များသင်ကြား၍ အလုပ်ခွင်ဝင်ရောက်နိုင်ရေး၊ မသန်စွမ်းအမျိုးအစားအလိုက် စွမ်းဆောင်ရည်ပေါ်မူတည်ပြီး အားကစားသင်တန်းများတက်ရောက်နိုင်ရေး ၊ အားကစားနည်းများ လေ့ကျင့်နိုင်ရေး ၊ အနာဂတ်မျိုးဆက်သစ် မသန်စွမ်းအားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာနအနေနှင့် နိုင်ငံတော်ရှိကျောင်းသားများအပါအဝင် လူငယ်များအသိဉာဏ်ပညာ တိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲများကို နိုင်ငံတဝှမ်းကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ လူငယ်များအနက် မသန်စွမ်းလူငယ် များပါဝင်ကြောင်း၊ မသန်စွမ်းလူငယ်များ ဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် မိမိတို့လုပ်ဆောင် ပေးနိုင်သည့် လုပ်ငန်းများတွင် မသန်စွမ်းလူငယ်များမှ လုပ်ကိုင်ဆောင်ရွက်ပေးစေလိုသည်များကို သိရှိလိုပါသောကြောင့် ယနေ့နံနက်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်း အမျိုးအစားနည်းအလိုက် လေ့ကျင့်သင်ကြားလိုသော အားကစားနည်းများ၊ မသန်စွမ်း အမျိုးအစားအလိုက် သင်ကြားလိုသော အသက်မွေးပညာများကို ပြန်လည်ဆွေးနွေးပြောကြား စေလိုပါကြောင်း ရှင်းလင်းပြောကြားပြီးနောက် အာဆီယံ(၁၁)ကြိမ်မြောက် မသန်စွမ်းအားကစား ပြိုင်ပွဲတွင် မသန်စွမ်းအားကစားသမားများ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေမှုအခြေအနေများနှင့် ဆုရရှိမှုအခြေအနေများအား Video File ဖြင့် ပြသ၍ ရှင်းလင်းပြောကြားဆွေးနွေးပါသည်။

 ဆက်လက်၍ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးမှ နေပြည်တော်ရှိ မသန်စွမ်းလူငယ်များတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပံ့ပိုးဆောင်ရွက်ပေးနိုင်မှုအခြေအနေများ၊ အားကစားကွင်း/ အားကစားရုံများ လေ့ကျင့်ပေးနိုင်မှုအခြေအနေများကို ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ မသန်စွမ်းလူငယ်ရေးရာဌာနခွဲ တာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းမှ ဌာနခွဲ၏ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားရာတွင် မသန်စွမ်း အသက်မွေး ပညာသင်တန်းကျောင်းများတွင် တက်ရောက်သင်ကြားနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးနိုင်မှု အခြေအနေများ၊ သင်တန်းကျောင်းများသို့ မတက်ရောက်နိုင်သူများအား မြို့နယ်အလိုက် စုစည်း၍ မြို့နယ်အရောက် သင်ကြားပေးနိုင်မှုအခြေအနေများ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် မသန်စွမ်းအားကစားသင်တန်းများဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မသန်စွမ်း အမျိုးအစား မတူညီသည့်အတွက် စွမ်းဆောင်နိုင်မှု မတူညီသောကြောင့် မသန်စွမ်းများ လေ့ကျင့်လိုသော အားကစားနည်းများမတူညီနိုင်၍ မြို့နယ်အားကစားမှူးများနှင့် ညှိနှိုင်းတိုင်ပင်၍ မိမိစွမ်းဆောင်နိုင်သော အားကစားနည်းများ လေ့ကျင့်သင်ကြားနိုင်ပါကြောင်း၊ မသန်စွမ်း အားကစားနည်းများတွင် နည်းစနစ်နှင့်နည်းပြလိုအပ်ပါက မသန်စွမ်းအားကစားအဖွဲ့မှ လာရောက် သင်ကြားပြသနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ တက်ရောက်လာသော မသန်စွမ်းလူငယ်များမိမိတို့၏ ဆန္ဒသဘောထားများကို ပြန်လည်ဆွေးနွေး ပြောကြားလိုပါကြောင်း ဆွေးနွေးပြောကြားပါသည်။

 ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော မသန်စွမ်းပြည်သူများကိုယ်စား နေပြည်တော်မသန်စွမ်းအသင်းချုပ်ဥက္ကဋ္ဌ ဒေါ်ခင်သီတာထွန်းမှ ပြန်လည်ဆွေးနွေး ပြောကြားခြင်း၊ အခြားမသန်စွမ်းသူများမှ ၎င်းတို့ဆန္ဒသဘောထားများအား ပြန်လည်ဆွေးနွေးပြောကြားကြရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးပြောကြားကြပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်မှ မသန်စွမ်းလူငယ် (၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။