အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုနယ်မြေ(နေပြည်တော်)လယ်ဝေးမြို့နယ်ရှိ မသန်စွမ်းလူငယ်များအား မသန်စွမ်းအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊ ဩဂုတ်(၂၃)ရက်။

မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းလူငယ်များ၏ အခွင့်အရေးကိုကာကွယ်ရေး၊ မသန်စွမ်းလူငယ်များ၏ ဘဝမြှင့်တင်ရေးနှင့် ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်စေနိုင်ရန် ရည်ရွယ်၍ မသန်စွမ်းလူငယ်များအား အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း(၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိလယ်ဝေးမြို့နယ်Traning Centre(2) ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး ၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်း ၊ မသန်စွမ်းလူငယ်ရေးရာဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်း၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေး မြို့နယ်မှ မသန်စွမ်းလူငယ်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ရှေးဦးစွာ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်မှ နိုင်ငံတော်၏ အနာဂတ်သည် ယနေ့လူငယ်များအပေါ်များစွာ မူတည်ပါကြောင်း၊ လက်ရှိလူငယ် များဘက်စုံဖွံဖြိုးတိုးတက်ပြီးအသိဉာဏ်ပညာပြည့်စုံမှ နိုင်ငံတော်သည် နောင်တချိန်ဖွံဖြိုးတိုးတက် မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လူငယ်များပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို အသစ်တိုးချဲ့ဖွဲ့စည်းပြီး လူငယ်ရေးရာဦးစီးဌာနကို အသစ်ထပ်မံ ဖွဲ့စည်းခဲ့ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာန၏ အဓိကတာဝန်များအနက်မှ လူငယ်များ ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် မသန်စွမ်းလူငယ်များကိုချန်ထား၍ မရပဲတပြေးညီဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လူငယ်ရေးရာဦးစီးဌာန၏ ရည်မှန်းတာဝန်များ၊ မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များမှ မသန်စွမ်းလူငယ်များနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်ကိစ္စရပ်များ ရှင်းလင်းပြောကြား၍လည်းကောင်း၊ လူငယ်ရေးရာဦးစီးဌာန၏ လူငယ်ကဏ္ဍ(၁၆)ရပ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား၍လည်းကောင်း၊ လူငယ်ရေးရာဦးစီးဌာနမှ အာဆီယံလူငယ်များနှင့် ချိတ်ဆက်၍ ဆောင်ရွက်နေရသည့် လုပ်ငန်းတာဝန်များထဲမှ မသန်စွမ်းလူငယ်များ ပါဝင်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ လူငယ်ရေးရာဦးစီးဌာနမှ မသန်စွမ်းလူငယ်များ လုပ်ငန်းအပေါ်ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီ၏ တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ရေးရာကော်မတီများဖွဲ့စည်းရာတွင် မသန်စွမ်း လူငယ်ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းနိုင်ရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးမှ နေပြည်တော်မြို့နယ်(၈)မြို့နယ်၌ မသန်စွမ်း လူငယ်များအားကစားလေ့ကျင့်သင်ကြားနိုင်ရေးနှင့်ပတ်သက်၍ မြို့နယ်အသီးသီးရှိ အားကစား ကွင်း/ရုံများ အသုံးပြုနိုင်ရေးကိစ္စရပ်များ မသန်စွမ်းအားကစားနည်းအလိုက် နည်းပြ/နည်းစနစ် ရှိနိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာန၊ မသန်စွမ်းလူငယ်ရေးရာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းမှ လူတစ်ဦးတွင် မွေးရာပါဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အကြား၊ အမြင်၊ ကိုယ်ခန္ဓာအစိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုခုရှိသည်နှင့် မသန်စွမ်းသူဟုခေါ်ဆိုနိုင်ပါကြောင်း၊ သို့သော် မသန်စွမ်းသူတိုင်း မသန်စွမ်းမှု မဟုတ်ပါကြောင်း၊ မသန်စွမ်းသူများအား လူနှင့်လူ့ပတ်ဝန်းကျင်နှင့်ပတ်သက်၍ အလုပ်အကိုင်အခွင့်အလမ်း၊ အားကစား၊ အနုပညာစသည့်နယ်ပယ်ပေါင်းစုံမှ တန်းတူပါဝင်ဆောင်ရွက်ခွင့်မရမှသာ မသန်စွမ်းမှု ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ မသန်စွမ်းမှုမဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်မှ မသန်စွမ်းအခွင့်အရေး ဥပဒေကို ၂၀၁၅ ခုနှစ်၊ မသန်စွမ်းအခွင့်အရေးနည်းဥပဒေတို့ကို ၂၀၁၇ ခုနှစ်တွင် ပြဌာန်းပေးပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လူငယ်ရေးရာဦးစီးဌာနမှ မြန်မာနိုင်ငံမသန်စွမ်းသူများ ပညာသင်ကြား ရေးဆိုင်ရာတွင် အခက်ခဲရှိမူတွင် ပေါင်းစပ်ပေးနိုင်ရေးကိစ္စရပ်များ၊ မသန်စွမ်းလူငယ်များ အသက်မွေးဝမ်းကြောင်းအတတ်ပညာများ သင်ကြားနိုင်ရေးကိစ္စရပ်များနှင့် ရန်ကုန်၊ မန္တလေး လူငယ်မသန်စွမ်းသင်တန်းကျောင်းများ၌ သွားရောက်မသင်ကြားနိုင်သူများကို မြို့နယ်အရောက် အသက်မွေးဝမ်းကျောင်းအတတ်ပညာများသင်ကြားနိုင်ရေးကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမြို့နယ် အားကစားကွင်း/ရုံများတွင် မသန်စွမ်းလူငယ်များအားကစား လေ့ကျင့်သင်ကြားနိုင်ရေးကိစ္စရပ်များ၊ နိုင်ငံတော်မှ မသန်စွမ်းအားကစားသမားများနှင့် ပတ်သက်၍ အားပေးချီးမြှင့်ပေးမှုအခြေအနေများကို ရှင်းလင်းပြောကြားပါသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသော မသန်စွမ်းလူငယ်များကိုယ်စား နေပြည်တော်မသန်စွမ်းအသင်းချုပ်ဥက္ကဋ္ဌ ဒေါ်ခင်သီတာထွန်းမှ မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးပြောကြားရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းပြောကြား၍ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ လယ်ဝေးမြို့နယ် မသန်စွမ်းလူငယ်(၁၆၀)ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။