အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နွေရာသီအခြေခံ ရေကူးသင်တန်း အမှတ်စဉ် (၄/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ မေ (၃၁)။

နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသားလူငယ်များအနေဖြင့် အားကစားနည်းအခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်နှင့် မျိုးဆက်သစ် ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ်(၄/၂၀၂၃) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် နွေရာသီ အခြေခံရေကူးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှ  မတ်လ (၁၇)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ (၁၁၃)ဦးဖြင့်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၂/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ မတ်လ (၂၀)ရက်နေ့မှ  ဧပြီလ (၇)ရက်နေ့အထိ သင်တန်းသား/ သင်တန်းသူ (၁၂၃)ဦးဖြင့်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၃/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဧပြီလ  (၂၂)ရက်နေ့မှ  မေလ (၁၁)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ(၁၃၅)ဦး ဖြင့်လည်းကောင်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ ယခုသင်တန်းအမှတ်စဉ် (၄/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ မေလ (၁၃)ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ (၁၁၂)ဦးဖြင့် ထပ်မံ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ပူးပေါင်းပြီး အသက်မွေးဝမ်းကြောင်း ဆိုင်ရာသင်တန်းများ ကင်းထောက် လူငယ်သင်တန်း၊ ကြက်ခြေနီသင်တန်းများအပြင်  မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီးရှိ အားကစားနှင့်ကာယပညာကော်မတီ တို့ပူးပေါင်းပြီး ရေကူး သင်တန်းနှင့် အခြားနွေရာသီအခြေခံအားကစားသင်တန်းများကိုလည်း ဖွင့်လှစ် ပေးလျက်ရှိကြောင်း၊ အနာဂါတ် မျိုးဆက်သစ်လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှုမြင့်မားလာစေရေးအပြင် ပြည်သူလူထုတစ်ရပ်လုံး အားကစားကိုစိတ်ပါဝင်စားလာစေရေး၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသည့် မျိုးဆက်သစ် အားကစားမောင်မယ်များ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ပြီး နွေရာသီ အားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ အနာဂါတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းတာဝန်ယူမည့် လူငယ်များကို မိမိနိုင်ငံအား ချစ်မြတ်နိုးစိတ်၊ ကာကွယ်စောင့်ရှောက်လို စိတ်ရှိစေရန်နှင့် အတွေးအခေါ်မှန်ကန်ပြီး ခေါင်းဆောင်ကောင်းများဖြစ်အောင် မိဘများအနေဖြင့် မိမိ သားသမီးများကို ငယ်စဉ်ကတည်းက မှန်မှန်ကန်ကန် သွန်သင်ဆုံးမပေးရန်လိုကြောင်း၊ ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်စေရန်၊ နွေရာသီအခြေခံရေကူးသင်တန်း မှတဆင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရေကူး အားကစားသမားများစွာပေါ်ထွက်လာစေရန်နှင့် အရေးကြုံက သက်လုံကောင်းစေရန်ရည်ရွယ်ပြီး ယခု သင်တန်းအား ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်း ပြန်လည်မြင့်မားလာစေ ရေးနှင့် အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်စေရေးတို့အတွက် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများတွင် အားကစားသင်တန်းများ၊ အားကစား ပြိုင်ပွဲများကိုလည်း ကျောင်းအဆင့်၊ မြို့နယ်အဆင့်နှင့် ခရိုင်အဆင့်အပြင် ပြည်နယ်နှင့်တိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်ကိုပါ ပူးပေါင်းကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း၊ ထို့အပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ၊ ပညာရေးဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲများ ကိုလည်း ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း၊ ၂၀၂၃ခုနှစ် မေလတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် ရွှေတံဆိပ်(၂၁)ခု၊ ငွေတံဆိပ် (၂၅)ခု၊ ကြေးတံဆိပ်(၆၈)ခု၊ စုစုပေါင်းဆုတံဆိပ် (၁၁၄)ခုဖြင့် နိုင်ငံ အလိုက်ရပ်တည်မှု  အဆင့်(၈)ရရှိအောင် စွမ်းဆောင်ပြီး အောင်မြင်မှုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများသည် ကျောင်းသား/ကျောင်းသူဘဝကနေအားကစားကို စိတ်ပါဝင်စားပြီး နွေရာသီ အခြေခံအားကစားသင်တန်းများမှတဆင့်တစ်ဖြည်းဖြည်း အဆင့်မြင့်သင်တန်းများအား ဆက်လက် သင်ကြားကာ အားကစားကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ခြင်းများကြောင့် ယခုလို အောင်မြင်မှုများ ရရှိပြီး နိုင်ငံတော်က အသိအမှတ်ပြုဂုဏ်ပြုချီးမြှင့်ခြင်းကို ခံကြရခြင်းဖြစ်ကြောင်း၊  ဒါ့ကြောင့် ယခုဖွင့်လှစ်သည့် အခြေခံရေကူးသင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သင်တန်းသူများအား ရေကူးအားကစား နည်းကို အရှိန်အဟုန်မြှင့် ဆက်လက်လေ့ကျင့်သွားနိုင်ရန်အတွက် ဝဏ္ဏသိဒ္ဓိရေကူးအသင်းကို ဖွဲ့စည်း ဖွင့်လှစ်ပေးထားပြီးဖြစ်၍ ရေကူးအားကစားနည်းဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ် များရယူပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်မည့် ရေကူးအားကစားသမားကောင်းများဖြစ်အောင် ဆက်လက် ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပရာ အသက်(၁၆)နှစ်အထက် (အမျိုးသား/အမျိုးသမီး)ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ အသက်(၁၂)နှစ်အထက် (အမျိုးသား/အမျိုးသမီး) ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် သင်တန်းနည်းပြ ဂုဏ်ပြုချီးမြှင့်ငွေများကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ အသက်(၁၂)နှစ်အောက် (အမျိုးသား/ အမျိုးသမီး) ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် ပထမဆုရရှိသည့် သင်တန်းသား/သူများအား ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် အခမဲ့ရေကူးခွင့် (Member Card)များကို ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား/သူများ ကိုယ်စား သင်တန်းသား(၁)ဦးနှင့် သင်တန်းသူ(၁)ဦးတို့မှ လက်ခံရယူခဲ့သည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး နွေရာသီအခြေခံရေကူးသင်တန်း အမှတ်စဉ်(၄/၂၀၂၃)ကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ၂၀၂၃ ခုနှစ် မေလ(၁၃)ရက်နေ့မှ (၃၁)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ (၁၁၂)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။