အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ်(၁၇)ရက်။

မျိုးဆက်သစ်ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံ ရေကူးသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသားလူငယ်များအနေဖြင့် အားကစားနည်းအခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရေး၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသည့် အားကစားမောင်မယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်ပေးရ ခြင်းဖြစ်ပါကြောင်း၊ ရေကူးအားကစားနည်းမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရေကူး အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် အရေးကြုံက သက်လုံကောင်းစေရန်ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ အားကစားနှင့်ကာယ ပညာကော်မတီတို့ ပူးပေါင်းပြီး နွေရာသီအခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး ကလပ်အသင်း ပေါင်းစုံရေကူးပြိုင်ပွဲနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးရေကူးပြိုင်ပွဲများကို ကျင်းပသွားရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင် အားကစားဖြင့်နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်စေရန်အတွက် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများတွင် အားကစားသင်တန်းများ၊ ပြိုင်ပွဲများကို ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်အပြင် ပြည်နယ်နှင့်တိုင်းဒေသကြီး၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်နှင့် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကိုလည်း ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ကျင်းပပေးလျက်ရှိပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာ့အားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိ စေရေးတို့အတွက် တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသား ကျောင်းသား/ကျောင်းသူများနှင့် အများပြည်သူများ ရေကူးလေ့ကျင့်နိုင်စေရန်အတွက် ဝဏ္ဏသိဒ္ဓိရေကူးအသင်းကိုပါ ဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိခဲ့သည့် နည်းစနစ်ပိုင်းနှင့် ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့်အားကစား ပညာရပ်များကို ဆက်လက်လေ့လာလိုက်စားသွားကြရန်နှင့် ရေကူးအားကစားနည်းဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရယူပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်သည့် ရေကူးအားကစား သမားကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပရာ အသက်(၁၆)နှစ်နှင့်အထက် (အမျိုးသား/အမျိုးသမီး) ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် သင်တန်းဆင်း လက်မှတ်များကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ အသက်(၁၂)နှစ်နှင့်အောက် (အမျိုးသား/အမျိုးသမီး) ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် သင်တန်း နည်းပြများကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ အသက်(၁၂)နှစ်နှင့်အထက် (အမျိုးသား/ အမျိုးသမီး) ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့မှ လက်ခံရယူခဲ့သည်။

အဆိုပါ နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ဖေဖော်ဝါရီ(၂၇)ရက်မှ မတ်(၁၇)ရက်အထိ သင်တန်းသား/သင်တန်းသူ (၁၁၃)ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် (နေပြည်တော်)တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားနည်းများအနက်မှ ပိုက်ကျော်ခြင်းအားကစားသမားများ၊ ဝူရှူးအားကစားသမားများ၊ ဗိုဗီနမ် အားကစားသမားများ၊ ရိုးရာခြင်းလုံးအားကစားသမားများ၊ အားနစ်အားကစားသမားများ၊ ဘော်လီဘော အားကစားသမားများ၏ လေ့ကျင့်နေမှုများနှင့် စားရိပ်သာ၊ အားကစားဆေးဘက်ဌာနခွဲများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။