အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ် (၂/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီလ(၇)ရက်။

မျိုးဆက်သစ်ရေကူးအားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံရေကူး သင်တန်းအမှတ်စဉ် (၂/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို (၂၇.၂.၂၀၂၃)ရက်နေ့မှ (၁၇.၃.၂၀၂၃)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ(၁၁၃)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ ယခုသင်တန်းအမှတ်စဉ်(၂/၂၀၂၃)ကို (၂၀.၃.၂၀၂၃) ရက်နေ့မှ (၇.၄.၂၀၂၃)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူဦးရေ(၁၂၄)ဦးတို့ဖြင့် ထပ်မံဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ အားကစားနှင့်ကာယပညာကော်မတီတို့ပူးပေါင်းပြီး ရေကူးသင်တန်းအပြင် အခြားနွေရာသီ အခြေခံအားကစားသင်တန်းများကိုလည်း ဖွင့်လှစ်ပေးခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှုမြင့်မားလာစေရေးအပြင် ပြည်သူလူထုတစ်ရပ်လုံး အားကစားကိုစိတ်ပါဝင်စားလာစေရေး၊ နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသားလူငယ်များအနေဖြင့် အားကစားနည်းအခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရေး၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်၍ နွေရာသီ အားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ နွေရာသီအခြေခံရေကူးသင်တန်းမှတဆင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် အရေးကြုံက သက်လုံကောင်းစေရန်ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်စေရန်အတွက် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများတွင် ကျောင်းအဆင့်၊ မြို့နယ်အဆင့်နှင့် ခရိုင်အဆင့် အားကစားပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း၊ အခြေခံရေကူးသင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား/သင်တန်းသူများ ရေကူးအားကစားနည်းကို အရှိန်အဟုန်မြင့် ဆက်လက်လေ့ကျင့်သွားနိုင်ရန်အတွက် ဝဏ္ဏသိဒ္ဓိရေကူးအသင်းကိုဖွဲ့စည်းဖွင့်လှစ်ပေးထားပြီဖြစ်၍ ရေကူးအားကစားနည်းဖြင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရယူပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်မည့် ရေကူးအားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပရာ အသက်(၁၂)နှစ်အောက် (အမျိုးသား/အမျိုးသမီး) ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် သင်တန်းဆင်းလက်မှတ်များကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ အသက်(၁၂)နှစ်အထက် (အမျိုးသား/အမျိုးသမီး) ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် သင်တန်းနည်းပြများကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ အသက်(၁၆)နှစ်အထက် (အမျိုးသား/ အမျိုးသမီး) ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် သင်တန်းနည်းပြများကို ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား/သင်တန်းသူများကိုယ်စားသင်တန်းသား(၁)ဦးနှင့် သင်တန်းသူ(၁)ဦးတို့မှ လက်ခံရယူခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး နွေရာသီအခြေခံရေကူး သင်တန်း အမှတ်စဉ်(၂/၂၀၂၃)ကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့မှ ဧပြီလ(၇)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ(၁၂၄)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။