အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နွေရာသီ အခြေခံရိုးရာခြင်းလုံးသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်၊ မတ်လ(၃၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး(အနောက်ပိုင်းခရိုင်) အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်များနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ အခြေခံရိုးရာခြင်းလုံးသင်တန်းဆင်းပွဲကို လမ်းမတော်မြို့နယ် အ.လ.က(၁)၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးဝင်းတင့်တို့က အမှာစကားများ ပြောကြားကြကာ နည်းပြချုပ် ဦးခင်မောင်ဝင်းက သင်တန်းဖွင့်လှစ်မှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မြို့နယ်အလိုက် သင်တန်းဆင်းလက်မှတ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ချီးမြှင့်ခဲ့ကြပြီး သင်တန်းသားများက ရိုးရာခြင်းလုံးစွမ်းရည်များကို ခတ်ကစားပြသခဲ့ကြသည်။

ယနေ့ပြုလုပ်သည့် နွေရာသီအခြေခံရိုးရာခြင်းလုံးသင်တန်းဆင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းဆရာများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းကို မတ် ၁ ရက်မှ ၃၁ ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ မရမ်းကုန်း၊ ကမာရွတ်မြို့နယ်တို့မှ သင်တန်းသား သင်တန်းသူ ၁၅၀ ခန့် တက်ရောက်ခဲ့ကြောင်း၊ နွေရာသီအခြေခံရိုးရာခြင်းလုံးသင်တန်းကို ရန်ကုန် တိုင်းဒေသကြီးအတွင်းသာမက မြစ်ကြီးနား၊ တောင်ကြီး၊ တောင်ငူ၊ မန္တလေး၊ မြစ်သား၊ ပြည် အစရှိသည့် မြို့နယ်များတွင်လည်း ဖွင့်လှစ်ခဲ့ကြောင်း၊ လာမည့် ဇွန်လတွင် ပညာရေးဒီဂရီကောလိပ်များ၌ အခြေခံခြင်းလုံးသင်တန်းများဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ ယခုလိုသင်တန်းများ ဖွင့်လှစ်ပြီး ပါက အခြေခံပညာကျောင်းများတွင် ပြိုင်ပွဲများကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ်မှ သိရသည်။