အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်၊ မေ (၅)။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နွေရာသီအားလပ်ရက်တွင် လူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်ပြီး အားကစားနည်းအလိုက် နည်းစနစ်များ မှန်ကန်စွာ သိရှိတတ်ကျွမ်းနားလည်လာစေရန်၊ ထူးချွန်သော မျိုးဆက်သစ် အားကစားသမားများ၊ နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အထောက် အကူပြုစေရန်၊ အရည်အချင်းမှီ ကစားသမားများရှာဖွေပြီး နိုင်ငံတော်မှ အားထားရသည့် ရွက်ပုန်းသီး မျိုးဆက်သစ် အားကစားမောင်မယ်များ ပေါ်ထွက်လာစေရန်အတွက် ယခုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ အားကစားဆောင်ရွက်ခြင်းဖြင့် လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ လူ့ကျင့်ဝတ်၊ လူမှုဆက်ဆံရေး ဘက်စုံစွမ်းရည် မြင့်မားတိုးတက်လာစေမှာဖြစ်ကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မျိုးဆက်သစ်လူငယ်များ ပြုစုပျိုးထောင်ပေးရန်ဖြစ်ကြောင်း၊ အားကစားအဆင့်အတန်း တိုးတက်ဖွံဖြိုးရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာများ၊ အားကစားနှင့်သက်ဆိုင်သည့် အဆင့်ဆင့်သော အဖွဲအစည်းများ၊ ဝါသနာရှင်များ၊ ပြည်သူလူထုတစ်ရပ်လုံးမှ အမျိုးသားရေးအသိအမြင်ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ကြောင်း ပြောကြားသည်။

ထိုနောက် သင်တန်းသား/သင်တန်းသူများက အားကစားအဓိဋ္ဌာန်များကို ရွတ်ဆိုကြပြီး အားကစားသရုပ်ပြအဖွဲ့များက သက်ဆိုင်ရာအားကစားနည်းများအလိုက် သရုပ်ပြဖျော်ဖြေကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အားကစားသရုပ်ပြအဖွဲများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် မြို့နယ်(၈)မြို့နယ်အတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ သရုပ်ပြအဖွဲ့များနှင့် သက်ဆိုင်ရာမြို့နယ်များမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများအား ရင်းရင်နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနဖြင့် နေပြည်တော်တွင် ၂၀၂၃ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်(၈)မြို့နယ်တွင် ဘောလုံး၊ ဘော်လီဘော၊ ရိုးရာခြင်း၊ မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်း၊ တင်းနစ်၊ လက်ဝှေ့၊ တိုက်ကွမ်ဒို၊ ခရစ်ကတ်၊ Fitness Dance စသည့် နွေရာသီအခြေခံအားကစားသင်တန်းများကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ ၃၄၈ ဦးကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ ယခု မေလ ၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ ၇၀၀ ဦး့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။