အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အားကစားအသင်းများ အလိုက်အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ ဝန်ကြီးဌာနများမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံအသက် (၂၅) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အဆိုပါအသင်းများသည် ဗိုလ်လုပွဲသို့တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အကြိတ်အနယ်ဖိအားပေးယှဉ်ပြိုင်ကြပြီး ပွဲကစားချိန် ၁၅ မိနစ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက အဖွင့်ဂိုးရရှိခဲ့ပြီး ဦးဆောင်နိုင်ခဲ့သည်။ ထို့နောက် ပွဲကစားချိန် ၁၉ မိနစ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သောကြောင့် ပထမပိုင်း ၄၅ မိနစ် ပြီးဆုံးချိန်တွင် တစ်ဖက် တစ်ဂိုးစီဖြင့်သရေကျခဲ့သည်။ ယင်းနောက် နှစ်ဖက်အပြန်အလှန် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဒုတိယပိုင်းပွဲကစားချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ၃ ဂိုးထပ်မံသွင်းယူနိုင်ခဲ့သဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံး အားကစားသမားဆုရရှိခဲ့ကြသည့် အားကစားသမားများကို ကောင်စီဝင်များ ဖြစ်ကြသည့် ဦးမောင်းဟာ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးခင်မောင်ဆွေနှင့် မန်းငြိမ်းမောင်တို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် အသင်းလိုက်စတုတ္ထဆုရရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းအား ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကလည်းကောင်း၊ တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းကလည်းကောင်း၊ ဒုတိယဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းအား ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့် ကြသည်။

ယင်းနောက် ပထမဆုရရှိသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းအား ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့် သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရရှိသည့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလားတို့ကိုပေးအပ်ချီးမြှင့်ပြီး အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ထူးချွန်ထက်မြက်သည့် ဘောလုံးအားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ဒီဇင်ဘာ ၁၆ ရက်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဗိုလ်လုပွဲပွဲစဉ်အဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက အနိုင်ရဗိုလ်စွဲပြီး တံခွန်စိုက်ဖလားဆုကို ရရှိခဲ့ကြောင်း သတင်းရရှိသည်။