အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲနှင့် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၁၈)။

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲနှင့် ဖူဆယ်(အမျိုးသား) ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ Squash အားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် National Fitness ဖြစ်တဲ့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး အတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ အပန်းဖြေမှုဖြစ်သလို ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ တက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင် စေရန် ရည်ရွယ်၍ ယခုပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ပြိုင်ပွဲကျင်းပပြုလုပ်မည့်အစီအစဉ် များနှင့် စည်းမျဉ်း/စည်းကမ်းများကိုလည်း ဝန်ကြီးဌာနများသို့ ကြိုတင်ဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် နေ့စားကန့်သတ်ချက်မထားရှိဘဲ ဝန်ထမ်းဖြစ်ရမည်ဟုသာ သတ်မှတ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများ၏ အသက်ကန့်သတ်ချက်ကို (၃၅)နှစ်နှင့်အောက် သတ်မှတ်ထားပါကြောင်း၊ ထို့အပြင် အရှေ့တောင်အာရှနှင့်အာရှအားကစားပြိုင်ပွများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ လက်ရွေးစင်အားကစားသမားဖြစ်သူများအား ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲတွင် (၁)ဦးနှင့် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲတွင်(၂)ဦးတို့အား ပါဝင်ဖွဲ့စည်းခွင့်ပြုထားကြောင်း၊ ယခုအစည်းအဝေးတွင် စိစစ်အတည်ပြုပြီးသော အားကစားသမားများကို  ထပ်မံ၍ လူစားလဲလှယ်ခြင်း မပြုလုပ်ကြရန်နှင့် ထပ်မံကန့်ကွက်ခွင့်မပြုတော့ပါကြောင်း၊ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနများအနေဖြင့် သတ်မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြရန်လိုကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမား များအနေဖြင့်လည်း မိမိတို့အသင်း အောင်နိုင်ရေးအတွက် အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲကျင်းပရေးကော်မတီမှ ချမှတ်ထားသော စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်နှင့် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်၍ စောဒကတက်ခြင်းများ မပြုလုပ်ကြရန်လိုကြောင်း၊ စည်းကမ်းဘောင်အတွင်း ယှဉ်ပြိုင်ကစားကြရန်၊ ခိုက်ရန်ဖြစ်ပွားခြင်းများ မပြုလုပ်ကြရန်နှင့် ပြုလုပ်သူများအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ကို အသင်း အုပ်ချုပ်သူနည်းပြများက အားကစားသမားများကို ကြိုတင်အသိပေးမှာကြားထားရန်လိုကြောင်း၊ ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုမရှိစေဘဲ သမာသမတ်ကျကျ တရားမျှတစွာဖြင့် စည်းမျဉ်း/ စည်းကမ်းများအတိုင်း ဆုံးဖြတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ယခုပြိုင်ပွဲတွင် ဆုကြေးငွေများအဖြစ် ပထမဆု ကျပ်သိန်း(၂၀)၊ ဒုတိယဆု ကျပ် (၁၅) သိန်း၊ တတိယဆု ကျပ်(၁၀)သိန်း၊ စတုတ္ထဆု ကျပ်(၅) သိန်းနှုန်းဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကျင်းပပေးရခြင်း၏ ရည်ရွယ်ချက် မပျောက်ပျက်စေ ရေးအတွက် ဝန်ကြီးဌာနများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြိုင်ပွဲ ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့်ဖူဆယ်အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများ လိုက်နာဆောင်ရွက်ရမည့်စည်းမျဉ်း/စည်းကမ်းများ၊ ဥပဒေ/ နည်းဥပဒေများနှင့် ပတ်သက်၍လည်းကောင်း၊  ဝန်ကြီးဌာန အသင်းလိုက်အုပ်ချုပ်သူနှင့်နည်းပြများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပမှုဆိုင်ရာကိစ္စရပ်များ၊ လူတွေ့စစ်ဆေးခြင်း၊ အုပ်စုမဲနှိုက်ခြင်းများ၊ ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးအား ရုပ်သိမ်း ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် ဖူဆယ်အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲကို ဒီဇင်ဘာလ(၁၉)ရက်နေ့မှ (၂၈)ရက်နေ့အထိ  ပြိုင်ပွဲဝင်အသင်း(၂၇)သင်းဖြင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ပြိုင်ပွဲရုံတွင်လည်းကောင်း၊ ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း(၂၂)သင်းဖြင့် ဒီဇင်ဘာလ(၂၀)ရက်နေ့မှ (၂၉)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ် ပြိုင်ပွဲရုံတို့တွင်လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။