အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (13)။

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် National Fitness ဖြစ်တဲ့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ အပန်းဖြေမှုဖြစ်သလို ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရန် ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ပြိုင်ပွဲကျင်းပပြုလုပ်မည့်အစီအစဉ်များနှင့် စည်းမျဉ်း/စည်းကမ်းများကိုလည်း ဝန်ကြီးဌာနများသို့ ကြိုတင်ဖြန့်ဝေပေးထားပြီး ဖြစ်ပါကြောင်း၊ ဝန်ထမ်းအားလုံးပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် နေ့စားကန့်သတ်ချက် မထားရှိဘဲ ဝန်ထမ်းဖြစ်ရမည်ဟုသာ သတ်မှတ်ပေးခဲ့ပြီး ယခုနှစ်တွင် ပြိုင်ပွဲဝင်အားကစားသမားများ၏ အသက်ကို ယခင်နှစ်များအတိုင်း (၃၅)နှစ်နှင့်အောက် သတ်မှတ်ထားပါကြောင်း၊ ယခုအစည်းအဝေးတွင် အတည်ပြုပြီးသော အားကစားသမားများသည် ဌာနကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအဖြစ် အတည်ပြုပြီးဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ဆုကြေးငွေများအဖြစ် ပထမဆု ကျပ်သိန်း(၃၀)၊ ဒုတိယဆု ကျပ်သိန်း(၂၀)၊ တတိယဆု ကျပ်(၁၅)သိန်း၊ စတုတ္ထဆု ကျပ် (၁၀) သိန်းနှင့် အကောင်းဆုံးအားကစား သမားဆုများအတွက် ဆုတံဆိပ်နှင့် ဆုကြေးငွေ(၁)သိန်းကျပ်ကိုလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနများအနေဖြင့် သတ်မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြရန်နှင့် ပြိုင်ပွဲကျင်းပပေးရခြင်းရဲ့ ရည်ရွယ်ချက် မပျောက်ပျက်စေရေးအတွက် ဝန်ကြီးဌာနများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် ဝန်ကြီးဌာနအသင်းများမှ တာဝန်ခံများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပမှုဆိုင်ရာကိစ္စရပ်များ၊ လူတွေ့စစ်ဆေးခြင်း၊ အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။          

အဆိုပါ ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ဝန်ကြီးဌာနအသီးသီးမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၂၀)သင်း၊ အမျိုးသမီးအသင်း(၉)သင်းတို့ဖြင့် ဒီဇင်ဘာလ(၁၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။