အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် U – 18 အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၆။

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် JengPhang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် ဘော်လီဘောအားကစားသမားအချင်းချင်း ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ဘော်လီဘောမျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရေး၊ ဘော်လီဘောအားကစားနည်းကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားကြစေခြင်းဖြင့် ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ဘော်လီဘောအားကစားနည်းသည် တစ်ဦးချင်းရော၊ အသင်းလိုက်ပါ လေ့ကျင့်မှုပြည့်ဝရန် အထူးလိုအပ်သည့် ကစားနည်းဖြစ်ပါကြောင်း၊ ထို့အပြင် အသင်းလိုက် ကစားရသည့်အတွက် တစ်ဦးချင်းထိုးဖောက်တတ်သည့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ရသလိုမိမိအသင်းအောင်နိုင်ရန် အသင်းဖော်များ၏ အရည်အသွေးပေါ်အောင် ဖန်တီးပေးတတ်ရန်လည်းလိုအပ်ပါကြောင်း၊ မြန်မာ့ဘော်လီဘောအားကစားအဆင့်အတန်း ပြန်လည်တိုးတက်အောင်မြင်လာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန် အားကစားသမားများအနေဖြင့် ဘက်စုံပြည့်စုံအောင် ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘောပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် အမျိုးသမီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအမျိုးသမီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလားပြည်နယ်နှင့် တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) U-18 အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့်  ဦးခင်မောင်ဆွေ၊ JengPhangနော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမျိုးသမီးဘောလုံးအားကစားသည် အမျိုးသားဘောလုံးအားကစားနည်းလို ပြည်သူလူထု၏ စိတ်ပါဝင်စားမှုရရှိနေပြီးဖြစ်ကြောင်း၊ သက်တမ်းအလိုက် အပြည်ပြည် ဆိုင်ရာပြိုင်ပွဲများတွင်လည်း အောင်မြင်မှုရရှိနေပြီဖြစ်သည့်အတွက် အမျိုးသမီးများ၏ ဘောလုံးအားကစားစွမ်းရည်ဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် အထူးကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်အကြီးအကဲများ၏လမ်းညွှန်ချက်နှင့်အညီ မြန်မာ့ဘောလုံးအားကစား ပြန်လည် အောင်မြင်မှုရရှိရန် အရေးကြီးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အောင်နိုင်ရေးစီမံချက်ရေးဆွဲကာ အလေးအနက် ထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများကနိုင်ငံတော်သီချင်းနှင့် အားကစားသစ္စာဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 အမျိုးသမီးဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်နေမှုကိုကြည့်ရှုအားပေးသည်။  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး အလွတ်တန်းဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲနှင့် U-18 အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ(၅)ရက်မှ (၁၉)ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၊ လေ့ကျင့်ရေးကွင်း ကွင်းအမှတ်(၁)နှင့် ကွင်းအမှတ် (၃)တို့၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အားကစားဝါသနာရှင်မိဘပြည်သူများအနေဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။