အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော် ၊ ဩဂုတ် – (၂၀)။

အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများ၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ အားကစားဆိုသည့်ဝေါဟာရကို နိုင်ငံတကာအဘိဓာန်များက “ယှဉ်ပြိုင်မှုရှိသော ရုပ်ပိုင်းဆိုင်ရာ ပြုမူဆောင်ရွက်မှု ပုံစံအားလုံးကိုအားကစား” ဟုသတ်မှတ်သကဲ့သို့ “အင်အားနှင့် ဉာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှုအားလုံးကိုလည်း အားကစား” ဟု အဓိပ္ပာယ် ဖွင့်ဆိုကြပါကြောင်း။

အားကစား၏ အဓိက ရည်မှန်းချက်မှာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုသည်ဆိုသော်လည်း ယခုအခါအားကစားတွင် တစ်ဦးချင်း ယှဉ်ပြိုင်ရသောပြိုင်ပွဲမှ လူပေါင်းရာထောင်ချီပါဝင်သောပြိုင်ပွဲများ၊ ကျေးလက်အဆင့် ပြိုင်ပွဲများမှသည် ကမ္ဘာနှင့်ချီသော အိုလံပစ်ပြိုင်ပွဲများအထိ ကျင်းပလျက်ရှိနေပြီ ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းတွင် အားကစားအောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင် ထည်ဝါခန့်ညားစေပြီး အားကစားပြိုင်ပွဲများကိုလည်း လက်နက်မပါသော တိုက်ပွဲများဟုပင် တင်စားလာနေကြပြီ ဖြစ်ပါကြောင်း။

အားကစားသည် ပြောင်းလဲလာသော အခြေအနေအရပ်ရပ်နှင့်အညီ အရှိန်အဝါနှင့် အနေအထားအရပါ မြင့်မားလာသည်ဖြစ်သဖြင့် ကျန်းမာရေးသက်သက်၊ အားကစားသက်သက် အဆင့်တွင်သာ ရပ်တန့်မနေဘဲ နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်ပေးသည့် အမျိုးသားရေး တာဝန်တစ်ရပ်လည်း ဖြစ်လာခဲ့ပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားရေး တာဝန်တစ်ရပ်၏ အဆင့်နှင့်အညီ အားကစားလှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများကို အမျိုးသားအားကစားပြိုင်ပွဲအဖြစ် တစ်နိုင်ငံလုံးပါဝင်သည့် အားကစားပြိုင်ပွဲကြီးများမှ နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင်မည့် လက်ရွေးစင်အားကစားသမားများကို စိစစ်ရွေးချယ်လာကြခြင်းမှာ မဖြစ်မနေဆောင်ရွက်ရမည့် အရေးပါသော အဓိက လုပ်ငန်းတစ်ရပ်လည်း ဖြစ်လာခဲ့ပြီဖြစ်ကြောင်း။

ယခင်က အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ (SEAP Games) မှသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games)၊ အာရှအားကစားပြိုင်ပွဲ (ASIAN Games)၊ အိုလံပစ်အားကစားပြိုင်ပွဲ (Olympic Games) များကိုသာ ကျင်းပခဲ့ကြပါကြောင်း။

သို့သော် ယနေ့ကမ္ဘာကြီးတွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့နေရသည့်အတွက် ထိခိုက်ဒဏ်ရာရသူများ၊ လူ့အဖွဲ့အစည်းများအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ တိုက်ခိုက်မှုများ၊ ဖောက်ခွဲဖျက်ဆီးမှုများကြောင့် သေဆုံးသူ တစ်ဦးရှိတိုင်း ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိလျက် ရှိသည့်အပြင် မွေးဖွားလာကတည်းက ဆွံ့အ၊ နားမကြား၊ ခြေလက်အင်္ဂါမပြည့်စုံခြင်းနှင့် ဉာဏ်ရည်မပြည့်မီသူများလည်းရှိနေပါကြောင်း၊ ထို့ကြောင့် ယနေ့ကမ္ဘာပေါ်တွင် မသန်စွမ်းဖြစ်မှုရာခိုင်နှုန်းသည်လည်း ကမ္ဘာ့လူဦးရေ၏ (၁၅)ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကထုတ်ပြန်သည့် စာရင်းများအရသိရှိရပါကြောင်း၊ လူဦးရေသန်းပေါင်း (၁၀၀၀)ကျော်ခန့်ပမာဏရှိသော မသန်စွမ်းသူ အရေအတွက်သည်လည်း အထူးဂရုပြုရမည့် ပမာဏဖြစ်လာသည့်အတွက် မသန်စွမ်းသူများ၏အရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများကို ပိုမိုအလေးထားရန် လိုအပ်လာပါကြောင်း။

မသန်စွမ်းသူများသည်လည်း လူသားများပင်ဖြစ်သည့်အတွက် မသန်စွမ်းသူများ၏ ကျန်းမာသန်စွမ်းရန်၊ စိတ်ဓာတ်ကြံ့ခိုင်ရန်လည်း လိုအပ်လာပါကြောင်း၊ ထို့ကြောင့် မသန်စွမ်းသူတစ်ဦးချင်းစီ၏ စိတ်ဓာတ်ခွန်အားမြင့်မားစေရန်နှင့် ဝါသနာပါရာ လုပ်ငန်းဆောင်တာများကိုလုပ်ကိုင်ဆောင်ရွက်စေနိုင်ရေးအတွက် မသန်စွမ်းသူများ၏ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းမှုကိုရော စိတ်ဓာတ်ကိုပါ မြင့်မားလာစေရန် မိမိတို့ဝါသနာပါရာ အားကစားနည်းများ လုပ်ဆောင်နိုင်ရေး အားပေးမြှင့်တင်ပေးလျက်ရှိပါကြောင်း။

မြန်မာနိုင်ငံတွင် (၂၀၁၄)ခုနှစ် သန်းခေါင်စာရင်းအရ ကွင်းဆင်းဆောင်ရွက်ခဲ့သော မသန်စွမ်းမှုလေးမျိုး အခြေခံစစ်တမ်းအရ နိုင်ငံလူဦးရေ၏ (၄)ဒသမ (၆) ရာခိုင်နှုန်းဖြစ်သော (၂)ဒသမ (၃)သန်းခန့်သည် မသန်စွမ်းသူများဖြစ်သည်ကို တွေ့ရှိခဲ့ ရကြောင်း၊ နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူ များအနေဖြင့်လည်း မြန်မာနိုင်ငံမှ မသန်စွမ်းသူများ၏ဘဝ စိုပြည်လှပအောင် ပြန်လည်ထူထောင်ရေး၊ လူ့ဂုဏ်သိက္ခာမြင့်မားရေးနှင့် သန်စွမ်းသူများနည်းတူ တန်းတူညီမျှအခွင့်အရေးများရရှိရေးကို ရှေးရှုသည့် အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းအားကစားသမားများ အားကစားလေ့ကျင့်နိုင်ရန် ရည်ရွယ်၍ မသန်စွမ်းသူများ အားကစားလေ့ကျင့်ရေးစခန်းကိုလည်း တည်ဆောက်ပံ့ပိုးပေးကာ စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိပါကြောင်း။

ယနေ့ခေတ်တွင် မသန်စွမ်းသူများ၏အရေးသည် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ အထူးအာရုံစိုက် အလေးထားရသည့် အရေးကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါကြောင်း၊ ယခင်အချိန်အခါများက မသန်စွမ်းသူများအပေါ်ထားရှိခဲ့သည့် မသိနားမလည်ခြင်း၊ လျစ်လျူရှုခြင်း၊ အယူသီးခြင်းနှင့် ကြောက်ရွံ့စိုးရိမ်ခြင်းများစသည့် မသင့်လျော်သည့်ခံယူချက်၊ အယူအဆဟောင်းများကို ဖယ်ခွာပြီးမေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ္မစိုရ်တရား(၄)ပါးကို လက်ကိုင်ထားကြသည့် မြန်မာလူမျိုးများဖြစ်သည့်အလျောက် မိမိတို့လူ့အဖွဲ့အစည်း၏ တစ်စိတ်တစ်ပိုင်း အသိုက်အဝန်း တစ်ခုတည်းဖြစ်သည့် မသန်စွမ်းသူများနှင့်ပတ်သက်သော အရေးကိစ္စများကို မိမိတို့တစ်ဦးချင်းစီနှင့်သက်ဆိုင်သည့် ကိစ္စရပ်၊ မြန်မာ့လူ့အဖွဲ့အစည်း တစ်ရပ်လုံးနှင့်သက်ဆိုင်သည့် ကိစ္စတစ်ရပ်အဖြစ် လက်ခံဆောင်ရွက်ပေးကြရမည် လည်းဖြစ်ပါကြောင်း။

ထို့ကြောင့်အာဆီယံဒေသတွင်းရှိ မသန်စွမ်းသူများ အားကစားအဆင့်အတန်း မြင့်မားတိုးတက်စေရေးနှင့် ဒေသတွင်းချစ်ကြည်ရင်းနှီးမှု မြှင့်တင်နိုင်ရေးအတွက် အာဆီယံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ASEAN Para Sports Federation (APSF) ကို (၂၀၀၁)ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်၍ (၂)နှစ် တစ်ကြိမ် ကျင်းပလျက်ရှိသည့် မသန်စွမ်းသူများအားကစားပြိုင်ပွဲတိုင်းကို ပါဝင်ယှဉ်ပြိုင်ခဲ့သည်ကို တွေ့ရပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပါဝင်ယှဉ်ပြိုင်သည့် အားကစားသမားဦးရေ အနည်းငယ်သာ ဖြစ်သော်လည်း ပြိုင်ပွဲဝင်အားကစားအမျိုးအစားတိုင်းတွင် ဆုတံဆိပ်များစွာ ဆွတ်ခူးပေးနိုင်ခဲ့ကြသည်ကို မှတ်တမ်းမှတ်ရာများက သက်သေခံလျက် ရှိနေပါကြောင်း။

မသန်စွမ်းသူများ အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မှတ်တမ်းများကို ပြန်လည်ကြည့်ရှုသည့်အခါ (၂၀၀၁)ခုနှစ်တွင် မလေးရှားနိုင်ငံ၌ကျင်းပခဲ့သည့် ပထမအကြိမ် အာဆီယံ မသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ အားကစားသမား(၃၁)ဦးရှိပြီး ရွှေ (၄၃)ခု အပါအဝင် ဆုတံဆိပ်ပေါင်း (၇၇)ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှု အဆင့်(၃)၊ (၂၀၀၃) ခုနှစ် ဗီယက်နမ်နိုင်ငံ၌ကျင်းပခဲ့သည့် ဒုတိယအကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ အားကစားသမား(၂၆)ဦးရှိပြီး ရွှေတံဆိပ်(၂၄)ခု အပါအဝင် ဆုတံဆိပ်ပေါင်း (၄၇)ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှု အဆင့် (၄)၊ (၂၀၀၅) ခုနှစ် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သည့် တတိယအကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ အားကစားသမား (၂၂)ဦးရှိပြီး ရွှေတံဆိပ် (၂၉)ခု အပါအဝင် ဆုတံဆိပ်ပေါင်း (၄၆)ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှုအဆင့် (၅)၊ (၂၀၀၈) ခုနှစ်၊ ထိုင်းနိုင်ငံ၌ကျင်းပသော စတုတ္ထအကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ အားကစားသမား (၂၅)ဦးရှိပြီး ရွှေတံဆိပ် (၁၄)ခု အပါအဝင် ဆုတံဆိပ်ပေါင်း (၅၁)ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှု အဆင့်(၆)၊ (၂၀၀၉) ခုနှစ် မလေးရှားနိုင်ငံ၌ကျင်းပခဲ့သည့် ပဉ္စမအကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင်သူ အားကစားသမား (၂၅)ဦးရှိပြီး ရွှေတံဆိပ် (၁၄)ခု အပါအဝင် ဆုတံဆိပ်ပေါင်း (၄၀)ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှု အဆင့်(၆)၊ (၂၀၁၁) ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပပြုလုပ်သည့် ဆဋ္ဌမအကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူအားကစားသမား (၃၆)ဦးရှိပြီး ရွှေတံဆိပ် (၁၁) ခု အပါအဝင် ဆုတံဆိပ်ပေါင်း (၃၄)ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှု အဆင့်(၆)၊ (၂၀၁၄) ခုနှစ် မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် သတ္တမအကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်သူ (၂၁၅)ဦးရှိပြီး ရွှေတံဆိပ် (၃၄)ခု အပါအဝင် ဆုတံဆိပ် (၉၆)ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှု အဆင့်(၅)၊ (၂၀၁၅) ခုနှစ် စင်္ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် အဋ္ဌမအကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ (၁၀၂)ဦးရှိပြီး ရွှေတံဆိပ် (၁၆)ခု အပါအဝင် ဆုတံဆိပ် (၆၂)ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှုအဆင့်(၆)၊ (၂၀၁၇) ခုနှစ် မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ် ခဲ့သည့် နဝမအကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် သူ (၁၂၀)ဦးရှိပြီး ရွှေတံဆိပ် (၁၁)ခုအပါအဝင် ဆုတံဆိပ် (၄၃)ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှု အဆင့်(၆)စသည်ဖြင့် အောင်မြင်မှုများရရှိခဲ့သည်ကိုတွေ့ရှိရပြီး ၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၁၀)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲအားကျင်းပပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း။

အဆိုပါမှတ်တမ်းများအရ မြန်မာနိုင်ငံမှ မသန်စွမ်းသူ အားကစားသမားများသည် မသန်သော်လည်း စွမ်းဆောင်ရည်ရှိသူများဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ကြသူများ ဖြစ်ခဲ့ကြသည်ကိုလည်း တွေ့ရှိခဲ့ရပါကြောင်း။

ပြီးခဲ့သည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၇)နည်း၊ အားကစားသမား (၆၉)ဦး၊ ဖိတ်ကြားခံ၊ အုပ်ချုပ်သူ/နည်းပြ (၄၀)ဦး၊ ဒိုင်လူကြီး(၄)ဦး အပါအဝင် စုစုပေါင်း(၁၁၃)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်(၁၄)ခု၊ ငွေတံဆိပ်(၁၂)ခု၊ ကြေးတံဆိပ်(၁၇)ခု၊ စုစုပေါင်းဆုတံဆိပ် (၄၃)ခုရရှိပြီး ပြိုင်ပွဲဝင် (၁၁)နိုင်ငံအနက် အဆင့်(၆) နေရာရရှိခဲ့ပါကြောင်း။

ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်း (၇)နည်းအနက် ပြေးခုန်ပစ်၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ် (၁၄)ခု၊ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ အားကစားနည်းမှ ငွေတံဆိပ် (၁၂)ခု၊ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ မြားပစ်၊ ဘောလုံး အားကစားနည်းများမှာ ကြေးတံဆိပ် (၁၇)ခုရရှိခဲ့ပါကြောင်း။

ငွေတံဆိပ်ရရှိခဲ့သည့် အားကစားနည်းများသည်လည်း ပြိုင်ပွဲများတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ရွှေတံဆိပ်မရရှိခဲ့ကြသော်လည်း နိုင်ငံအတွက် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည်ကိုလည်း တွေ့ရှိခဲ့ရပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာရောက်သည့်အပြင် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်နိုင်မှု ဆုတံဆိပ်များဆွတ်ခူးရရှိပြီး နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော် အလံကို လွှင့်တင်ပြီး နိုင်ငံတော်သီချင်းသံ လွင့်ပျံအောင် စွမ်းဆောင်ကြိုးပမ်းခဲ့ကြသူများအား ယခုလို ထိုက်ထိုက် တန်တန် ဂုဏ်ပြုချီးမြှင့်ရခြင်းပင်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် နိုင်ငံအလိုက် အဆင့်တစ်ခုကို ရယူပေးနိုင်ခဲ့သည့် မြန်မာအားကစားသမားများ၏ ကြိုးပမ်းမှု၊ ဇွဲ၊ စိတ်ဓာတ်တို့ကို မှတ်တမ်းတင် ဂုဏ်ပြုကြရမည်ဖြစ်ပါကြောင်း။

ထို့ပြင် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၏ ကြီးကြပ်မှုနှင့် မသန်စွမ်းသူအားကစားသမားများအားလုံးကလည်း အားကစား စည်းမျဉ်း၊ စည်းကမ်း ဥပဒေဘောင်များအတွင်းမှ အားကစားစိတ်ဓာတ်အပြည့်နှင့် တရားနည်းလမ်းကျစွာ ယှဉ်ပြိုင်အနိုင်ယူပြီး နိုင်ငံတော်အတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူးပေးနိုင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်ကြောင်းလည်း ထပ်လောင်း ပြောကြားလိုပါကြောင်း။

နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်နေမှုများကို အသိအမှတ်ပြုသောအားဖြင့် ပြိုင်ပွဲမသွားမီ ပြိုင်ပွဲဝင် အားကစားသမားတစ်ဦးကို ငွေကျပ် (၂)သိန်းစီနှင့် အမေရိကန်ဒေါ်လာ (၂၀၀)နှုန်း၊ အုပ်ချုပ်/နည်းပြတစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၁၀၀)နှုန်းစီ ချီးမြှင့်ထောက်ပံ့ပေးခဲ့ သကဲ့သို့ ပြိုင်ပွဲအသီးသီးတွင် အားကြိုး မာန်တက်ယှဉ်ပြိုင်ပြီး တစ်ဦးချင်းပြိုင်ပွဲများ တွင် ရွှေတံဆိပ်ရရှိခဲ့သူများကို အမေရိကန်ဒေါ်လာ (၁၀၀၀)၊ ငွေတံဆိပ် ရရှိခဲ့ကြသူများကို အမေရိကန်ဒေါ်လာ (၇၀၀)၊ ကြေးတံဆိပ်ရရှိခဲ့ကြသူများကို အမေရိကန်ဒေါ်လာ (၅၀၀)၊ အသင်းလိုက် ငွေတံဆိပ်ရရှိခဲ့သူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၅၀၀)နှုန်းနှင့် အသင်းလိုက် ကြေးတံဆိပ်ရရှိခဲ့သူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၃၀၀)နှုန်း ချီးမြှင့်ပေးခဲ့ပါကြောင်း။

အလားတူ ယခုဂုဏ်ပြုပွဲတွင်လည်း ပြိုင်ပွဲမသွားမီ ကြိုတင်အသိပေး ကြေညာထားသည့်အတိုင်း တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိသူများကို ငွေကျပ် သိန်း(၃၀၀)၊ ငွေတံဆိပ်ရရှိသူများကို ငွေကျပ်သိန်း(၂၀၀)၊ ကြေးတံဆိပ် ရရှိသူများကို ငွေကျပ်သိန်း (၁၀၀)စီကိုလည်းကောင်း၊ အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ် ရရှိခဲ့ သည့် အသင်းသားတစ်ဦးလျှင် ငွေကျပ်သိန်း ( ၁၀၀)၊ ငွေတံဆိပ်ရရှိခဲ့သည့် အသင်းသား တစ်ဦးလျှင် ငွေကျပ်သိန်း(၇၀)၊ ကြေးတံဆိပ်ရရှိခဲ့သည့် အသင်းသားတစ်ဦးလျှင် ငွေကျပ်(၃၅)သိန်းစီကိုလည်းကောင်း၊ အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့သည့် နည်းပြများကိုမိမိတို့အားကစားနည်းမှ ရွှေတံဆိပ်ရရှိခဲ့အောင်စွမ်းဆောင်နိုင်ခဲ့သူ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း(၁၀၀)၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း(၅၀)၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း(၃၀)စီကိုလည်းကောင်း၊ အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့များကိုလည်း ရွှေတံဆိပ်ရရှိခဲ့ပါက အုပ်ချုပ်မှုအဖွဲ့များကို ငွေကျပ်သိန်း(၁၀၀)၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း(၅၀)၊ ကြေးတံဆိပ် ရရှိခဲ့ပါက ငွေကျပ်သိန်း(၃၀)နှုန်းဖြင့်လည်းကောင်း၊ စုစုပေါင်းငွေကျပ်သိန်းပေါင်း (၁၀၀၆၀)ကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပေးအပ်ချီးမြှင့်ခြင်းအတွက် သက်ဆိုင်ရာသူများ အားလုံးအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေလိမ့်မည်ဟု ယုံကြည်ပါကြောင်း။

နိုင်ငံတော်နှင့် ပြည်သူလူထုအပါအဝင် ပံ့ပိုးကူညီပေးသော လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၏အားပေးချီးမြှောက်မှုအပေါ် တုန့်ပြန်သည့်အနေဖြင့် ဆုတံဆိပ်ရ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကလည်း မိမိတို့၏ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြိုးပမ်း အားထုတ်လေ့ကျင့်မှု၊ စည်းကမ်းလိုက်နာမှု၊ အနိုင်မခံအရှုံးမပေးသည့် စိတ်ဓာတ်များနှင့်ပေါင်းစပ်ပြီး နောင်လာမည့် နိုင်ငံတကာပြိုင်ပွဲများတွင် ယခုထက် ပိုမိုအောင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြရန်၊ အထူးသဖြင့်လာမည့် (၂၀၂၃) ခုနှစ် ဇွန် (၃)ရက်မှ (၉)ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲကြီးတွင် ဆုတံဆိပ်သာမက နိုင်ငံအလိုက် အဆင့်ပါ အောင်မြင်မှုရရှိရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ရေကုန်ရေခမ်း ဆက်လက်အားထုတ် ကြိုးပမ်းသွားကြပါဟု အလေးအနက်ထား တိုက်တွန်းမှာကြားပါကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကို ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် ပြေးခုန်ပစ် အားကစားနည်းမှ မီတာ(၁၀၀)နှင့် မီတာ(၂၀၀) အပြေးပြိုင်ပွဲတွင် ရွှေတံဆိပ် (၂)ခု နှင့် အသင်းလိုက် မီတာ (၄၀၀) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် ငွေတံဆိပ် (၁)ခုရရှိခဲ့သည့် အားကစားသမား ဒုတပ်ကြပ်စိုးပေကိုလည်းကောင်း၊ ပြေးခုန်ပစ် အားကစားနည်းမှ သံပြားပစ်နှင့် သံလုံးပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခုနှင့် လှံတံပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခုရရှိခဲ့သည့် အားကစားသမား မထက်ထက်အေးကိုလည်းကောင်း၊ ရေကူးအားကစားနည်းမှ မီတာ (၂၀၀) အလွတ်ကူးနှင့် မီတာ (၁၀၀) ပတ်လည်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခုနှင့် မီတာ (၅၀) အလွတ်ကူးပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခုရရှိခဲ့သည့် အားကစားသမား မောင်အောင်မြင့်မြတ်ကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ သံလုံးပစ်နှင့် သံပြားပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခု ရရှိခဲ့ သည့် အားကစားသမား မောင်အောင်ဘုန်းမြတ်ကိုလည်းကောင်း၊ ပြေးခုန်ပစ် အားကစားနည်းမှ မီတာ (၄၀၀) အပြေးပြိုင်ပွဲတွင်ရွှေတံဆိပ်(၁)ခု၊ အသင်းလိုက် မီတာ (၄၀၀) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခုနှင့် မီတာ (၂၀၀) အပြေး ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခုရရှိခဲ့သည့် အားကစားသမား အရာခံဗိုလ်ကျော်ကျော်ဝင်းကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ သံလုံးပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခုနှင့် သံပြားပစ်ပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခုရရှိခဲ့သည့် အားကစားသမား ဒုတပ်ကြပ်ဇော်မင်းလွင်ကိုလည်းကောင်း၊ ရေကူးအားကစားနည်းမှ မီတာ (၁၀၀) ရင်ဘောင်တန်းကူးပြိုင်ပွဲနှင့် မီတာ (၅၀) အလွတ်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခုနှင့် ငွေတံဆိပ်(၁)ခုရရှိခဲ့သည့် အားကစားသမား မောင်အောင်ဖုန်းကိုလည်းကောင်း၊ ရေကူးအားကစားနည်းမှ မီတာ (၅၀) ပတ်လည်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခုနှင့် မီတာ (၅၀) လိပ်ပြာကူးပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခုရရှိခဲ့သည့် အားကစားသမား မောင်ကျော်ထူးကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ လှံတံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခုနှင့် သံလုံးပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခုရရှိခဲ့သည့် အားကစားသမား တပ်ကြပ်တင်ညိုကိုလည်းကောင်း၊ ရေကူးအားကစားနည်းမှ မီတာ (၁၀၀) ရင်ဘောင် တန်းကူးပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခုရရှိခဲ့သည့် အားကစားသမား မောင်နန္ဒာစိုးမင်း ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ငွေတံဆိပ်ဆုရရှိခဲ့ကြသည့် ပြေးခုန်ပစ်အားကစားနည်းမှ မီတာ(၁၀၀)အပြေးပြိုင်ပွဲနှင့် အလျားခုန်ပြိုင်ပွဲတွင် ငွေတံဆိပ်(၂)ခုရရှိခဲ့သည့် အားကစားသမား မလော်လာဝင်းကိုလည်းကောင်း၊ အလေးမအားကစားနည်းမှ (၈၆)ကီလိုတန်းပြိုင်ပွဲနှင့် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်မှုတွင် ငွေတံဆိပ်(၂)ခုရရှိခဲ့သည့် အားကစားသမား မငြိမ်းစန္ဒာအောင်ကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ သံလုံးပစ်ပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခု၊ လှံတံပစ်နှင့်သံပြားပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်(၂)ခုရရှိခဲ့သည့် အားကစားသမား ဒုတပ်ကြပ်အောင်ထွန်းလင်းကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ လှံတံပစ်ပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခုနှင့် အမြင့်ခုန်ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခုရရှိခဲ့သည့် ဒုတပ်ကြပ် စိုးသန်းကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခုနှင့် မီတာ(၄၀၀)အပြေးပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခုရရှိခဲ့သည့် အားကစားသမား မနန္ဒာလင်းကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jang Phangeနော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်တို့က ငွေတံဆိပ်၊ ကြေးတံဆိပ်ရရှိကြသည့် နိုင်ငံ့ဂုဏ်ဆောင်ဆုရအားကစားသမားများ၊ အုပ်ချုပ်မှုအဖွဲ့နှင့် နည်းပြများကို ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရအားကစားသမားများကိုယ်စား ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ် (၂)ခုနှင့် ငွေတံဆိပ် (၁)ခုရရှိခဲ့သည့် အားကစား သမားဒုတပ်ကြပ်စိုးပေက ကျေးဇူးတင်စကားပြန်လည်ပြောကြားရာ၌ ယခုပြိုင်ပွဲတွင် အောင်မြင်မှုများဆွတ်ခူးနိုင်စေရန် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အုပ်ချုပ်သူ/ နည်းပြများ၏ သွန်သင်ဆုံးမမှုများဖြင့် လေ့ကျင့်မှုများ ကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ပါကြောင်း၊ အဆိုပါရလဒ်များကြောင့် အခြားသော နိုင်ငံများမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့်အတူ ယှဉ်ပြိုင်ရာတွင် ပြိုင်ဘက်အသင်း များကိုအနိုင်ရရှိအောင် ကစားနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အားကစားသမားများကို ယခုကဲ့သို့ ထိုက်ထိုက်တန်တန်ဂုဏ်ပြုဆုချီးမြှင့်ပေးသည့် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကို ဆုရရှိသည့် အားကစားသမားများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ နောင်နှစ်များတွင်လည်းကျင်းပမည့် မသန်စွမ်းအားကစား ပြိုင်ပွဲများတွင် မိမိတို့၏မသန်စွမ်းများသည် “မသန်လည်းလူ၊ သန်လည်းလူ၊ စွမ်းဆောင်နိုင်မှုသာအဓိက” ဆိုသည့် အချက်ကိုသက်သေပြရင်း နိုင်ငံ့ကိုယ်စားပြုပြီး ယခုထက်ဆုတံဆိပ်များ ပိုမိုဆွတ်ခူးရရှိနိုင်အောင် ကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်ပါ ကြောင်းပြောကြားသည်။

ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသတင်းရရှိသည်။