အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဩဂုတ် (၁၂)ရက်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ “ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစောဒန်နီယယ်နှင့် ဒေါက်တာ ဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်း များမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဂျူဒိုအားကစားနည်းသည် ဂျပန်လူမျိုးများ၏ ရိုးရာအားကစား နည်းတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံမှ လူငယ်/လူရွယ်အများအပြား စိတ်ပါဝင်စားစွာဖြင့် လေ့ကျင့်ကစားနိုင်သည့်  ကိုယ်ခံပညာရပ်တစ်ခုဖြစ်ပါကြောင်း၊ ဂျူဒိုအားကစားနည်းသည် ၁၉၆၅ခုနှစ်၊ (၃)ကြိမ် မြောက်အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲမှ ၂၀၁၉ ခုနှစ်၊ (၃၀)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲအထိ ရွှေတံဆိပ်(၂၅)ခု၊ ငွေတံဆိပ်(၆၂)ခုနှင့် ကြေးတံဆိပ်(၇၄)ခုတို့ကို ဆွတ်ခူးရရှိခဲ့ပါကြောင်း၊ ဒါ့အပြင် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်လည်း ဂျူဒို အားကစားနည်းဖြင့် ငွေတံဆိပ်(၂)ခုနှင့်ကြေးတံဆိပ်(၂)ခု၊ ကူရတ်အားကစားနည်းဖြင့် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုနှင့်ကြေးတံဆိပ် (၂)ခု ဆွတ်ခူးရယူပေးနိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲများမှ ထူးချွန်မျိုးဆက်သစ်အားကစားသမားများကို စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးရန်နှင့် အောင်မြင်မှုအစဉ်အလာကောင်းများကို မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ်အနေဖြင့် ဆက်လက်ထိန်းသိမ်းထားရန်လိုကြောင်း၊ နိုင်ငံတော်မှ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အားကစားသမားများ၏ ရေရှည်ဘဝအာမခံချက်ရရှိစေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် အားကစားလှုပ်ရှားမှုများ မပြုလုပ်နိုင်တော့သည့် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများအတွက် ထောက်ပံ့ကူညီနိုင်ရေး အစီအမံများကိုလည်း‌ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်မှ အားကစားကို အားပေးပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသလို အားကစားသမားများ အနေဖြင့်လည်း နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိရိုသေပြီး မိမိနိုင်ငံ၏ ဂုဏ်သိက္ခာကျစေမည့် ပြုမူဆောင်ရွက်မှုမျိုး မပြုလုပ်မိစေရန် အထူးမှာကြားလိုကြောင်း၊ ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအနေဖြင့် ယှဉ်ပြိုင်ခြင်းသည်အဓိကဖြစ်သလို အနိုင်ရခြင်းသည်လည်း ပဓါနကျသည်ဆိုသော ခံယူချက်နှင့် မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်း အနိုင်ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အားကစားသမားကောင်းစိတ်ဓါတ် အပြည့်အဝဖြင့် သတ်မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာပြီး နိုင်ငံတော်ကအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြစေလိုကြောင်းပြောကြားခဲ့ပြီး “ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုခဲ့ကြပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံနှုတ်ဆက်ခဲ့ပြီးနောက် ပထမနေ့ ဂျူဒိုပြိုင်ပွဲ(အမျိုးသား)ခတ ပွဲစဉ် နှစ်ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲ သရုပ်ပြ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။

အဆိုပါ “ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ကို ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အမျိုးသားအသင်း (၁၂)သင်း၊ အမျိုးသမီးအသင်း(၁၃)သင်း၊ စုစုပေါင်းပြိုင်ပွဲဝင်အသင်း(၁၃)သင်း မှ အသင်းအုပ်ချုပ်သူ/နည်းပြ၊ အားကစားသမား အင်အားစုစုပေါင်း(၂၃၇)ဦးဖြင့် ပြိုင်ပွဲကာလအား ဩဂုတ်လ(၁၂)ရက်နေ့ မှ (၁၆)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဂျူဒိုအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။