အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇူလိုင် (၁၅)ရက်။

မြန်မာ့ပိုက်ကျော်ခြင်းအားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးကို အထောက်အကူ ပြုစေရန်နှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို  ယနေ့ညနေ(၃:၀၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌  ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးစိုင်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးချစ်နိုင်၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်/ တိုင်းဒေသကြီးများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ၊ ဌာနခွဲများမှ ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယနေ့နံနက်ပိုင်းတွင်  သုံးယောက်တွဲအဖွဲ့လိုက် (အမျိုးသား) ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီးအသင်းက နေပြည်တော်ကောင်စီနယ်မြေအသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊  တတိယလုပွဲ ပွဲစဉ်အဖြစ် နေပြည်တော်ကောင်စီနယ်မြေအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ သုံးယောက်တွဲအဖွဲ့လိုက်(အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်အဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြပါသည်။

ဆက်လက်ပြီး ညနေပိုင်းတွင် ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် သုံးယောက်တွဲအဖွဲ့လိုက် (အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်တွင် စစ်ကိုင်း တိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ပွဲ(၁)ပွဲဖြင့် လည်းကောင်း၊ သုံးယောက်တွဲအဖွဲ့လိုက် (အမျိုးသမီး) ပြိုင်ပွဲ ဧရာဝတီတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသား နှစ်ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ တွင် ပထမဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာဌေးအောင်မှလည်းကောင်း၊   ဒုတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်မှ လည်းကောင်း၊  အမျိုးသမီးနှစ်ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှလည်းကောင်း၊ ဒုတိယဆုရရှိသော မွန် ပြည်နယ်အသင်းနှင့် တတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီး အသင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်မှလည်းကောင်း၊ အမျိုးသားသုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသော နေပြည်တော်ကောင်စီနယ်မြေအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်မှလည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမဆု ရရှိသည့် နေပြည်တော်ကောင်စီနယ်မြေအသင်းကို နေပြည်တော်ကောင်စီမှ ထပ်မံဂုဏ်ပြုချီးမြှင့်ငွေ ငွေသားဆု (၁၁)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်ပြီး အမျိုးသားနှစ်ယောက်တွဲအသင်းလိုက်ပြိုင်ပွဲ တွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသော ကချင် ပြည်နယ်အသင်း၊ မွန်ပြည်နယ်အသင်းနှင့် နေပြည်တော်ကောင်စီနယ်မြေအသင်းတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းမှလည်းကောင်း၊ အမျိုးသား သုံးယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ တွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသော စစ်ကိုင်းတိုင်း ဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်ကောင်စီနယ်မြေအသင်းတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးမှလည်းကောင်း၊ အမျိုးသမီး သုံးယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ တွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့အား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးစိုင်မှလည်းကောင်း ဆုတံဆိပ်နှင့်ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ထို့နောက် ရွှေ(၂)ခု၊ ငွေ(၁)ခုဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်း ရရှိသွားသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်းဟာမှလည်းကောင်း၊  ရွှေ(၁)ခု၊ ငွေ(၁)ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်း ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်မှလည်းကောင်း၊ ရွှေ(၂)ခု၊ ငွေ(၁)ခု ဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်း ရရှိသွားသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်မှလည်းကောင်း တံခွန်စိုက်ဒိုင်းဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ  စုပေါင်းတံခွန်စိုက်ဒိုင်း ရရှိသွားသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ထပ်မံဂုဏ်ပြုချီးမြှင့်ငွေ ငွေသားဆု(၇၅)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။