အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ  ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇူလိုင် (၅)ရက်။

မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာစေရန်  ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉:၀၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပပြု လုပ်ခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးချစ်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးအောင်နိုင်ဦး၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်၊ ပြည်ထောင်စု ရာထူးဝန်ဥက္ကဋ္ဌ ဦးသန်းဆွေ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ၊ ဌာနခွဲများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်သူလူထုအားလုံး ပိုက်ကျော်ခြင်း အားကစားနည်းကို စိတ်ပါဝင်စားလာစေရေး၊ ပြိုင်ပွဲဝင်အားကစားသမားများ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိပြီး မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်မှုရရှိလာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် လာစေရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းသည် ခြင်းလုံးနှင့်ပိုက်ရှိလျှင် အလွယ်တကူကစားနိုင်သည့် အားကစားနည်းဖြစ်သောကြောင့် မြန်မာလူငယ်/လူရွယ်အများအပြား စိတ်ပါဝင်စားစွာဖြင့် ကစားကြသည့် အားကစားနည်းလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်၏ “ အဖိုးနည်းဝန်ပါ သင်ကျန်းမာဘို့ ပိုက်ကျော်ခြင်း ကစားကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးအတွက်သော်လည်းကောင်း၊ အားကစားအတွက်သော်လည်းကောင်း၊ လေ့ကျင့်ယှဉ်ပြိုင်ကစားနိုင်သည့် အားကစားနည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းအနေဖြင့် နိုင်ငံတော်အတွက် အာရှနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ၊ အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်ပြိုင်ပွဲများတွင် ဆုတံဆိပ်များစွာကို ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး အစဉ်အလာကောင်းများရှိသည့် အားကစားနည်းလည်းဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲများတွင် ဆက်လက်ပြီး အောင်မြင်မှုဆုတံဆိပ်များရရှိစေရန် မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားသမားများက ဆထက်ထမ်းပိုးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် မိမိတို့ ကိုယ်စားပြုယှဉ်ပြိုင်သည့် အသင်းအောင်နိုင်ရေးအတွက် မိမိတို့၏ အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် အနိုင်မခံအရှုံးမပေးဘဲ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားကြရန်နှင့် ယခုပြိုင်ပွဲမှတဆင့် မြန်မာ့လက်ရွေးစင်အသင်းကို အင်အားဖြည့်တင်းနိုင်မည့် နိုင်ငံ့ဂုဏ်ဆောင်  အားကစားသမားကောင်းများဖြစ်လာစေရေး ကြိုးစားသွားကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန် ရှိသူများသည် ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ပထမနေ့ပြိုင်ပွဲ သုံးယောက်တွဲအသင်းလိုက်(အမျိုးသား) ပြိုင်ပွဲပွဲစဉ်များ အဖြစ် မွန်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ ရခိုင်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ် အသင်း၊ နေပြည်တော်ကောင်စီနယ်မြေအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။

၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင်(၅)ရက်မှ(၁၅)ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသား အသင်း(၁၅)သင်း၊ အမျိုးသမီးအသင်း (၁၃)သင်း၊ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားအင်အား စုစုပေါင်း (၃၆၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ပိုက်ကျော်ခြင်းအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပလျက်ရှိသော ၂၀၂၂ခုနှစ် ဝန်ကြီး ဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။