အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဇွန် (၁၅)ရက်။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်း သားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ “ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား” ကို ယနေ့နံနက်(၉:၀၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ် ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးချစ်နိုင်၊ ဦးကိုကို၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်၊  ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊  ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုက်ကွမ်ဒိုအားကစားနည်းသည် မြန်မာလူမျိုးတို့၏ ဗီဇ၊ စိတ်ဓါတ်နှင့်ကိုက်ညီပြီး လူတန်းစားအလွှာအသီးသီးနှင့် စာသင်ကျောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားကြသော လူကြိုက်များသည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ကိုယ်ခံပညာ အားကစားနည်းတစ်ရပ်ဖြစ်သည့် တိုက်ကွမ်ဒိုအားကစားနည်းသည် ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုး တိုးတက်စေသည့်အပြင် စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှုနှင့် ကိုယ်ကျင့်တရားကောင်းမွန်မှု စသည့် လူ့ကျင့်ဝတ်သိက္ခာများတိုးတက်မှုတို့ကို များစွာအထောက်အကူပြုပါကြောင်း၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ်၏ စည်းရုံးဆောင်ရွက်မှုများကြောင့် နှစ်အနည်းငယ်အတွင်း ထူးချွန်ထက်မြက်သည့် မြန်မာ့လက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမားများ ပေါ်ထွက်လာပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တာကို တွေ့ရှိရပါကြောင်း၊ မြန်မာ့လက်ရွေးစင်တိုက်ကွမ်ဒိုအားကစားသမားများသည် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများသာမက နိုင်ငံတကာအားကစားပြိုင်ပွဲများတွင်လည်း ထိုးဖောက်အောင်မြင်ခဲ့ပြီး 31st SEA Games ပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၃)ခု ရရှိခဲ့ပါကြောင်း၊ ယခုပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် အနိုင်မခံအရှုံးမပေးဘဲ နောက်ဆုံးချိန်အထိ ရေကုန်ရေခမ်း ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုကြောင်း၊ ဒိုင်လူကြီးများမှ ဘက်လိုက်မှု ကင်းရှင်းပြီး တရားမျှတ မှန်ကန်စွာ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအတိုင်း ဆုံးဖြတ်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်မှ မြန်မာ့အားကစားကို အစွမ်းကုန်ထူးကဲစွာ အား ပေးချီးမြှောက်နေသည့် အချိန်ကာလ ဖြစ်သည့်အတွက် အားကစားသမားများ အနေနှင့် မိမိတို့၏ အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စားပြုသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အနိုင်ရရှိစေရေး အားကစား စိတ်ဓါတ်အပြည့်အဝဖြင့် အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားကြရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများမှတဆင့် နိုင်ငံတော်ကအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမား ကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက် တွန်း ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ပထမနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် တိုက်ကွမ်ဒိုအသင်း လိုက် (အမျိုးသား/အမျိုးသမီး) ကကွက်ပြိုင်ပွဲနှင့် အတိုက်ပြိုင်ပွဲ ပွဲစဉ်များကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲသို့ ပြည်နယ် နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း(၁၄)သင်း၊ အမျိုးသားအသင်း(၁၃)သင်း၊ အမျိုးသမီးအသင်း (၁၄)သင်းဖြင့် အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားအင်အား စုစုပေါင်း (၂၅၂)ဦးခန့် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲကို ဇွန်လ(၁၅)ရက်နေ့မှ(၁၇)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ တိုက်ကွမ်ဒိုအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။