အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဇွန် (၁၀)ရက်။

မြန်မာ့ရိုးရာခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်နယ်/တိုင်းဒေသကြီး များမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက်(၉:၀၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင် ၊ စောဒန်နီရယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးချစ်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်နှင့် ဒေါက်တာ ဌေးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးသန်းအောင်ကျော်၊ ဦးစန်းလွင်၊ ဦးမြင့်စိုး၊ ဦးအောင်မြိုင်နှင့် ဦးမျိုးလှိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာ ခြင်းလုံးခတ်ကစားခြင်းကို ပြည်သူလူထုအတွင်း တစ်နှစ်ထက်တစ်နှစ် စိမ့်ဝင်တိုးတက်လာစေပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ် တစ်ရပ်အဖြစ် ထိန်းသိမ်းမြှင့်တင်ရန်နှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်လာစေရေးတို့အတွက် ယခုကဲ့သို့ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ခြင်းလုံးခတ်ကစားခြင်းသည် မြန်မာ့ ယဉ်ကျေးမှုကို အခြေခံသည့် ရိုးရာအားကစားနည်း ဖြစ်သည့်အပြင် ပြည်သူများ လက်လှမ်းမီပြီး လွယ်ကူစွာ ကစားနိုင်သော အားကစားနည်းဖြစ်ပါကြောင်း၊ ခြင်းလုံးခတ် ကစားနည်းသည် ခန္ဓာကိုယ် တစ်ခုလုံးလှုပ်ရှားမှုရှိပြီး ကိုယ်ခန္ဓာပိုင်းအချိုးညီစွာ သန်မာလာစေနိုင်သည့်အပြင် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည့် အားကစားနည်းလည်းဖြစ်ပါကြောင်း၊ “ အပေးအယူ ချစ်ကြည်ဖြူ ခြင်းမူ စာဂ မျှစိတ္တ” ဆိုသည့် ခြင်းလုံးအားကစားဆောင်ပုဒ်အတိုင်း ခြင်းလုံးအားကစားနည်းသည် ခြင်းဝိုင်းအတွင်း ကစားသူအချင်းချင်း အပေးအယူမျှတတဲ့စိတ်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြည်ဖြူတဲ့ စိတ်၊ တရားမျှတတဲ့စိတ်များ မွေးမြူဖော်ဆောင်ပြီးကစားရသည့် အားကစားနည်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းဖြင့် အောင်မြင်မှု ရရှိစေရန်အတွက် အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားသမားများအနေဖြင့် ဆထက်ထမ်းပိုး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် ချစ်ကြည်ပူးပေါင်းမှုရရှိပြီး ပြည်ထောင်စုစိတ်ဓါတ်တိုးတက်မြင့်မားရေး၊ အမျိုးသားရေးစိတ်ဓါတ် ရှင်သန်ထက်မြက်ရေး၊ ခြင်းလုံး အားကစားပိုမိုရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထူးချွန်သောရိုးရာခြင်းလုံး အားကစားသမားများ ပေါ်ပေါက်လာစေရေးတို့အတွက် အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်သွားကြရန် ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများမှ အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ယနေ့ပြိုင်ပွဲဝိုင်းဖွဲ့ခြင်းလုံးခတ်(အမျိုးသမီး) ပွဲစဉ်များအဖြစ် မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ် မှ သရုပ်ပြခြင်းလုံးခတ်ကစားနေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပါသည်။

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများ မှ ပြိုင်ပွဲဝင်အသင်း(၁၂)သင်း၊ အမျိုးသားအသင်း(၁၂)သင်း၊ အမျိုးသမီးအသင်း (၆)သင်းဖြင့် အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားအင်အား စုစု ပေါင်း (၁၇၄)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲကို ဇွန်လ(၁၀)ရက်နေ့မှ(၁၃)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရိုးရာခြင်းလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။