အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည့်ရှု

နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၁)ရက်။

မြန်မာ့အားကစား အဆင့်အတန်းမြင့်မားရေးနှင့် အမျိုးသမီး မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ” ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု‌လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ” ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးစောဒန်နီယယ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြင့်မားလာစေရန်၊ လူထုအားကစားလုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်နှင့် အားကစားလှုပ်ရှားမှုများတွင် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ယခုပြိုင်ပွဲအား ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) အားကစားနည်းသည် အားကစားနည်းအားလုံး၏ အခြေခံဖြစ်ပြီး အထောက်အကူပြုပစ္စည်းကိရိယာ မလိုဘဲ တစ်ဦးချင်းရော အဖွဲ့လိုက်ပါ ပြုလုပ်နိုင်သည့်အားကစားနည်းဖြစ်ပါကြောင်း၊ ပြည်သူ တစ်ရပ်လုံး ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်ကစားမည်ဆိုလျှင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး “ ကို အထောက်အကူပြုနိုင်မှာဖြစ်သည့်အပြင် လူထုအားကစားအသွင်ဖော်ဆောင်နိုင်မည့် အားကစား နည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အားကစား နှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ တစ်ဝန်းလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လှုပ်ရှားကစားနိုင်စေရန် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း ရုပ်သံဗွီဒီယိုများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ရုပ်သံလိုင်း မှ နေ့စဉ်ထုတ်လွှင့်ပြသလျက်ရှိပါကြောင်း၊ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းသည် လူ့ခန္ဓာကိုယ်တစ်ခုလုံး ရှိ အစိတ်အပိုင်း/အကြောအဆစ်များကို ပျော့ပျောင်းစေပြီး သွေးလည်ပတ်မှုနှင့် အသက်ရှူမှုကို ပိုမို ကောင်းမွန်အောင်မြှင့်တင်ပေးသည့် သွေးပူလေ့ကျင့်ခန်းဖြစ်သောကြောင့် လူတိုင်း နေ့စဉ်မပျက်မကွက် ပြုလုပ်သင့်သည့် အားကစားနည်းဖြစ်ပါကြောင်း၊ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းအားကစားနည်း သည် နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို များစွာအထောက်အကူပြုသည့် အားကစားနည်းဟုလည်းဆိုနိုင်ပါကြောင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၏ ဆောင်ပုဒ် ဖြစ်သည့် အမျိုးသမီးထု ကြံ့ခိုင်မှုဖြင့် ကမ္ဘာ့အဆင့်မီ တက်လှမ်းမည် “ ဆိုသည့်အတိုင်း နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် လူရည်ချွန်အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်ရေးကို အထောက်အကူပြုသောကြောင့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲများကို နှစ်စဉ် မပျက်မကွက် ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် မိမိတို့၏အသင်း အောင်နိုင်မှုရရှိရေးအတွက် အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် အားကြိုးမာန်တက်ပါဝင်ယှဉ်ပြိုင်ပြီး အမျိုးသမီးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် (၄)ချက် ရွတ်ဆိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံ နှုတ်ဆက်ခဲ့ကြပါသည်။

ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၅)ဦးတွဲ အသင်းလိုက်ပြိုင်ပွဲ၊ (၃)ဦးတွဲအသင်းလိုက်ပြိုင်ပွဲနှင့် (၁)ဦးချင်းပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါ ပြိုင်ပွဲအား ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အသင်း (၁၃)သင်း၊ အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားအင်အား စုစုပေါင်း (၁၅၅)ဦးတို့သည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) ၌ ဖေဖော်ဝါရီလ (၂၁)မှ (၂၂)ရက်နေ့အထိ ယှဉ်ပြိုင်သွားကြ မည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။