အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်သရုပ်ပြသမှုနှင့် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအား သွားရောက်ကြည့်ရှု

နေပြည်တော် ဇန်နဝါရီ (၂၉)ရက်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်သရုပ်ပြသမှုအား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးသည်။

အဆိုပါသရုပ်ပြပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်နှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီးများ နေပြည်တော်ကောင်စီ ဥက္ကဌ၊ ဒုတိယဝန်ကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေး အားကစားသမားများက အားကစားအမျိုးအစားတစ်ခုချင်းစီ အဖွဲ့လိုက်မိတ်ဆက်ကြပြီး ဗိုဗီနမ် အားကစားအသင်း၊ ဂျူဒို အားကစားအသင်း၊ တိုက်ကွမ်ဒို အားကစားအသင်း၊ ပိုက်ကျော်ခြင်းအားကစားအသင်းနှင့် Myanmar Fitness Dance အဖွဲ့တို့က အားကစားအမျိုးအစားအလိုက် အားကစားစွမ်းရည်များ သရုပ်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အားကစားသမားများကို အမှာစကားပြောကြားရာတွင် အားကစားဆိုသည်မှာ နိုင်ငံတော်၏ဂုဏ်ကိုဆောင်သည့် ဆောင်ရွက်ချက်တစ်ခုဖြစ်ကြောင်း၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာများ၏ စွမ်းဆောင်ရည်ရှိမှုကို နိုင်ငံ၏ ကိုယ်စားပြသခြင်းပင်ဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာတွင် ကြံ့ခိုင်မှုရှိရန်နှင့် ကျွမ်းကျင်မှုရှိရန် လိုသကဲ့သို့ စိတ်ပိုင်းဆိုင်ရာတွင်လည်း စိတ်ဓာတ်ကောင်းမွန်ရန်နှင့် မိမိတို့၏တစ်ဦးချင်း ဉာဏ်ရည်ကို အသုံးချ၍ ယှဉ်ပြိုင်ဆောင်ရွက်ရန်လိုကြောင်း၊ တစ်ဦးချင်းကစားသည့်ပွဲများတွင် ပြိုင်ဘက်ကစားသမား၏ အားနည်းချက်ကို မိမိ၏ အားသာချက်နှင့် အနိုင်ရရှိအောင် ဉာဏ်ကိုသုံး ကစားရခြင်းဖြစ်သကဲ့သို့ အသင်းလိုက်ယှဉ်ပြိုင်သည့် ကစားပွဲများတွင်လည်း ကစားကွက်များခြင်း အနိုင်ရရှိအောင်ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း၊ နည်းစနစ်ပိုင်းဆိုင်ရာများ ကျွမ်းကျင်ရန် လိုအပ်သကဲ့သို့ ကစားသမားတစ်ဦးချင်း ကြံ့ခိုင်မှုရှိရန်လည်း လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရှေးယခင်ကတည်းက အားကစားနှင့် ပတ်သက်၍ အားပေးဆောင်ရွက်ခဲ့သော်လည်း ယခုအခါ မြန်မာ့လက်ရွေးစင် အားကစားအသင်းများအနေဖြင့် မျှော်မှန်းသလောက် အောင်မြင်မှု မရရှိသည်ကိုတွေ့ရကြောင်း၊ ထိုသို့ အောင်မြင်မှု မရရှိခြင်းမှာ အားကစားသမားများသာမက တာဝန်ရှိသည့် နိုင်ငံတော်အဆင့်တွင်လည်း လိုအပ်ချက်များရှိသည်ကို သုံးသပ်တွေ့ရှိရကြောင်း၊ အားကစားပြိုင်ပွဲများတွင် အနိုင်ရရှိရန်အတွက် အားကစားသမားများ အနေဖြင့် ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ အထူးသဖြင့် နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင်သည့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများ အနေဖြင့် နိုင်ငံ့ကိုယ်စား ယှဉ်ပြိုင်မှုပြုလုပ်ရာတွင် ပထမရရှိသည့်အသင်း၏ နိုင်ငံအလံများကို အလေးပြုရကြောင်း၊ ထိုသို့အလေးပြုချိန်တွင် မိမိတို့နိုင်ငံအလံ ဖြစ်ရန်လိုပြီး မိမိတို့ကို ဂုဏ်ပြုခံရသည့် အသိအမှတ်ပြုခံရသည့် ချီးမြှင့်ခံရခြင်းမျိုးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းသည် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အတွက် ရရှိသည့်အချိန်အတွင်း ကြိုးစားအားထုတ်လေ့ကျင့်၍ အောင်မြင်မှုများရရှိအောင်ဆောင်ရွက်ကြရန် နိုင်ငံ့လက်ရွေးစင် အားကစားသမားများကို တိုက်တွန်းပြောကြားလိုကြောင်း၊ အလားတူ အားကစားသမားများအနေဖြင့် စိတ်ဓါတ်၊ စည်းကမ်း ကောင်းမွန်ရန်လိုကြောင်း လေ့ကျင့်ရေးများဆောင်ရွက်ရာတွင်လည်း စိတ်ဓာတ်နှင့် စည်းကမ်းကို အခြေခံ၍ လေ့ကျင့်ရေးများ ကို စနစ်တကျဆောင်ရွက်ရန်လိုကြောင်း။ ထိုသို့ ဆောင်ရွက်ပါက အောင်မြင်မှုအတွက် အလှမ်းမဝေးသည့်အခြေအနေသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်ထားပြီး ကြိုးစားအားထုတ်မှုများဖြင့် ဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများနှင့် ပတ်သက်၍ ပြင်ဆင်ချိန်နှင့် ယှဉ်ပြိုင်ချိန်များတွင် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့ပြုလုပ်သည့် သရုပ်ပြသမှုများတွင် ကြိုးစားအားထုတ်မှုများကို တွေ့မြင်ရကြောင်း အဆိုပါကြိုးစားအားထုတ်မှုများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်၍ တိုးတက်မှုများရှိ အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံလက်ရွေးစင် အားကစားများအနေဖြင့် ကျန်းမာရေးအစ အစစအရာရာ ဂရုပြုကြရန်လိုကြောင်း၊ လက်ရှိ ဖြစ်ပွားနေသည့် ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုနှင့် ပတ်သက်၍ကူးစက်မှုများမရှိအောင် ဂရုတစိုက်ဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အားကစားသမားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအား သွားရောက်ကြည့်ရှုရာ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရှင် အားကစားသမားများဖြစ်ကြသည့် ဗိုလ်ကြီး တင်အောင်(အငြိမ်းစား)၊ ဒေါ်သန်းသန်း၊ ဒေါ်မာမာမင်း၊ ဒေါ်နုနုနရည် နှင့် ဒေါ်ခင်မူမူတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာအားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ အရှေ့တောင်အာရှနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သည့် နိုင်ငံဂုဏ်ဆောင်အားကစားသမားများ၏ ပုံတူရုပ်တုများနှင့် ဓာတ်ပုံများ၊ အားကစားပြတိုက် (စိတ်ဓါတ်မြှင့်တင်ရေးခန်းမအတွင်းရှိ ခေတ်အဆက်ဆက် မြန်မာ့ဂုဏ်ဆောင် အားကစားသမားများ၏ ဆုရရှိခဲ့မှု မှတ်တမ်းဓါတ်ပုံများ၊ ဆုတံဆိပ်များနှင့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မှတ်တမ်းဓါတ်များပြခန်းတို့ကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးစီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ့အားကစားမြှင့်တင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်များတွင် အဆင့်မီဘောလုံးအားကစားကွင်းများ၊ မိုးလုံလေလုံ အားကစားကွင်းများနှင့် ရေကူးကန်များ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများတွင်လည်းကျောင်းသား၊ ကျောင်းသူများ အားကစားပွဲများ ပြုလုပ်နိုင်ရန်အတွက် အားကစားကွင်းများ စနစ်တကျဖြင့် တည်ဆောက်ပေးရန်လိုကြောင်း၊ အားကစားသမားများ နည်းစနစ်မှန်ကန်စွာဖြင့် လေ့ကျင့်နိုင်ရေး နည်းစနစ်ဆိုင်ရာနည်းပြများနှင့် ကြံ့ခိုင်ရေးဆိုင်ရာ နည်းပြများ လိုအပ်ကြောင်း၊ နိုင်ငံကိုယ်စားပြု အားကစားသမားများ၏ ဘဝအာမခံချက်ရရှိရေးအတွက် နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းမှာကြားပြီး အခြားလိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဖြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။