အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇန်နဝါရီလ(၇)ရက်။

မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ညနေ(၃:၀၀)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြည်ထောင်စုဖွားတိုင်းရင်းသား အမျိုးသမီးငယ်လေးများ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စား လာစေရန်အတွက် အမျိုးသမီးဘောလုံးပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ မြန်မာ့အမျိုးသမီး ဘောလုံးလောကအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် သွေးသစ်လောင်းနိုင်မည့် အရည်အချင်းပြည့်ဝသော အမျိုးသမီးဘောလုံးအားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေ ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပေါင်းစပ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို နှစ်စဉ်ကျင်းပ ပေးလျက်ရှိကြောင်း၊ (၂၀၂၀-၂၀၂၁)ခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနှုန်းမြင့်တက်လာမှု ကြောင့် ပြိုင်ပွဲများအား ရပ်နားထားခဲ့ရကြောင်း၊ နိုင်ငံတကာအလယ်မှာ ဘောလုံးအားကစားနည်းဖြင့် ဂုဏ်ယူဝင့်ကြွားနိုင်ရန်အတွက် အထောက်အကူဖြစ်စေမည့် ပြိုင်ပွဲတစ်ရပ်အဖြစ်မှတ်ယူ၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အားကစားသမားများမှ အားကြိုးမာန်တက်ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊

အမျိုးသမီးဘောလုံးအားကစားသည် အမျိုးသားဘောလုံးအားကစားနည်းတူ ပြည်သူလူထု၏ စိတ်ပါဝင်စားအားပေးမှုကိုရရှိနေပြီး သက်တမ်းအလိုက် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများတွင်လည်း အောင်မြင်မှုရရှိနေပြီဖြစ်သည့်အတွက် အမျိုးသမီးတို့၏ ဘောလုံးအားကစားစွမ်းရည်ဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် အထူးကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက် မှာကြားလိုကြောင်း၊ ၂၀၁၇ခုနှစ် ဩဂုတ်လတွင် မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၂၉)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ၂၀၁၉ခုနှစ် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အမျိုးသမီးဘောလုံးအသင်းသည် ကြေးတံဆိပ်ဆုရရှိခဲ့ကြောင်း၊ လာမည့် ၂၀၂၂ခုနှစ်တွင် ကျင်းပမည့် အာရှဖလားအမျိုးသမီးပြိုင်ပွဲ အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအနေဖြင့် ခြေစစ်ပွဲများ အောင်မြင်ထားပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားပြီဖြစ်ပါကြောင်း၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် မြန်မာနိုင်ငံ၏ပထမဦးဆုံး အမျိုးသမီး Professional ဘောလုံးသမားအနေဖြင့် အန္ဒိယနိုင်ငံ ထိပ်တန်းအမျိုးသမီးဘောလုံးအသင်းတွင် သွားရောက်ကစား နေပြီဖြစ်ကြောင်း၊ ဒါ့ကြောင့် ယနေ့ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် မိမိတို့၏ အစွမ်းအစအရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် အားကစားသမားကောင်းများပီသစွာ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို လေးစား လိုက်နာပြီး အားသွန်ခွန်စိုက်ယှဉ်ပြိုင်ကစားသွား ကြစေလိုကြောင်းပြောကြားသွားပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသော ဖဒိုမန်းငြိမ်မောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်ဟာ၊ ဦးစောဒန်နီရယ်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးချစ်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးခင်မောင်ရီ၊ ဦးခင်ရီ၊ ဒေါက်တာညွှန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေးနှင့် ဦးသိန်းစိုး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးရဲတင့်၊ ဒေါ်သန်းသန်းလင်း၊ ဦးမောင်မောင်ဝင်း၊ ဦးစန်းလွင်၊ ဦးဇော်ဝင်း၊ ဒေါက်တာဇော်မြင့်ဦး၊ ဦးမျိုးလှိုင်၊ ဦးဇော်အေးမောင်၊ ဦးဌေးအောင်၊ ဦးအောင်စောဝင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြိုင်ပွဲဝင်အားကစားအသင်းများကို လိုက်လံ နှုတ်ဆက်ခဲ့ပြီးနောက် ယနေ့ပထမပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်း ဒေသကြီး အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မန္တလေးတိုင်းဒေသကြီး အသင်းကို (၂)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါသည်။

၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ကို (၇.၁.၂၀၂၂)ရက်နေ့မှ (၂၁.၁.၂၀၂၂)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပ သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားအသင်း (၁၃)သင်းနှင့် ကစားသမား အင်အား (၂၈၉)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။