အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏသို့သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ (၂၆)ရက်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊  ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏသို့သွားရောက်ကြည့်ရှု စစ်ဆေး သည်။

ဦးစွာ အားကစားရုံအတွင်းရှိ အစည်းအဝေးခန်းမ၌ အားကစားနှင့်လူငယ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က အမျိုးသားအားကစားရုံ(၁)၊ သုဝဏ္ဏသမိုင်းအကျဉ်း၊ အမျိုးသားအားကစားရုံ(၁)၌ ကျင်းပခဲ့သည့်နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများ၊ ပြည်တွင်းအဆင့် အားကစားပြိုင်ပွဲများနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများ ကျင်းပခဲ့မှုအခြေအနေများ၊ အမျိုးသားအားကစားပြိုင်ပွဲရုံအား အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမည့် အခြေအနေများအား power point များ၊ video clip များဖြင့်ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ယခုအားကစားရုံကြီးသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဆောက်လုပ်ခဲ့သည့် အဆင့်မြင့်အားကစားရုံတစ်ခုဖြစ်ပြီး ယနေ့ထိတိုင်လည်း အဆင့်မြင့်အားကစားရုံအဖြစ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊  တည်ဆောက်ပေးခဲ့ပြီး ယနေ့တိုင် ထိန်းသိမ်းပြုပြင်ရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသည့် တရုတ်နိုင်ငံကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် ခေတ်မီအားကစားရုံကြီးဖြစ်စေရေး စဉ်ဆက် မပြတ်ပြုပြင် မွမ်းမံထိန်းသိမ်းနေရမည်ဖြစ်ကြောင်း၊ အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာတို့ကို ရှင်သန်ထက် မြတ်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင်သောကြောင့် အားကစားနှင့် ပတ်သက်ပါက အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မိမိတို့ နိုင်ငံ၏ အားကစားကဏ္ဍအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုအားနည်းလျက်ရှိသည်ကို တွေ့ရှိရပြီး အဆင့် အတန်းတစ်ခုသို့ ရောက်ရှိနိုင်ရေး အခြေခံကျကျစဉ်းစား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍ တိုးတက်ရေးသည် ချက်ခြင်းဆောင်ရွက်၍ မရဘဲ အဆင့်ဆင့်ပြန်လည်ပြင်ဆင်၍ စနစ်တကျလုပ်ဆောင်သွားရမည်ဖြစ်ကာ နောင်လာမည့် ဆယ်စုနှစ်တစ်ခုအတွင်း ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်” ဟူသည်မှာ မြန်မာ့အားကစားလုပ်ဆောင်မှုများ သည် ကမ္ဘာတစ်ဝန်းကိုလွှမ်းမိုးနေရမည်ဟု မဆိုလိုဘဲ မြန်မာတို့၏ ရိုးရာအားကစားနည်းများကို ကမ္ဘာကသိရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ပြီး ရိုးရာအားကစားနည်းများ၏ အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံတကာ အားကစားပွဲများတွင် ထည့်သွင်းယှဉ်ပြိုင်နိုင်ရေးတို့အတွက်လည်း ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း။

အားကစားသည် လူငယ်ကို အခြေခံသည်ဖြစ်သဖြင့် ကျောင်းများ၊ တက္ကသိုလ်များတွင် အားကစားပွဲများကျင်းပပြုလုပ်ပေးရန်နှင့် စာပေသင်ကြားမှု အချိန်ဇယားတွင် အားကစားနှင့် ကာယလှုပ်ရှားမှုကို အချိန်သတ်မှတ်ထည့်သွင်းဆောင်ရွက်ရန်နှင့် အမှန်တကယ် လုပ်ဆောင်နိုင်စေရေးအတွက်လည်း ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ အသက်အရွယ်အလိုက်၊ အတန်းအလိုက် အားကစားပွဲများ၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့် အားကစားပွဲများမှတဆင့် အရည်အချင်းရှိသည့် အားကစားသမား များကို စိစစ်ရွေးခြယ်ဖော်ထုတ်ပြီး မြေတောင်မြှောက်ပေးရမည်ဖြစ်ကြောင်း။

အားကစားသမားများအတွက် လေ့ကျင့်ရန်နှင့် ပြိုင်ပွဲများ ပြုလုပ်နိုင်ရန် အဆင့်မီသည့် အားကစားရုံများ၊ လေ့ကျင့်ရေးကွင်းများ၊ လေ့ကျင့်ရေး အထောက်အကူပြု ပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အားကစားသမားများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ နည်းစနစ်ပိုင်းကျွမ်းကျင်မှုတို့အတွက်လည်း စဉ်းစားဆောင်ရွက် ရမည်ဖြစ်ပြီး အားကစားသမားများ စိစစ်ရွေးခြယ်ရာ၌ သက်ဆိုင်ရာ အားကစား တစ်ခုချင်းအလိုက် ပင်ကိုယ်အရည်အသွေးကောင်းမွန် ကောင်းမွန်မှုအပြင် ကိုယ်ခန္ဓာ ကြံ့ခိုင်ဖွံ့ထွားမှု၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုတို့ကိုလည်း ထည့်သွင်းစိစစ်ရွေးခြယ်ကြရန်လိုကြောင်း၊ အားကစားကွင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အဆင့်မြှင့် တင်ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်အဆင့်အထိ မိုးလုံလေလုံအားကစားကွင်း၊ ရေကူးကန်၊ မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်း၊ ပွဲကြည့်စင်တို့ မဖြစ်မနေရှိရမည်ဖြစ်ပြီး အားကစားလုပ်ဆောင်မှုများကို အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ထိုသို့ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နိုင်ငံ့လက်ရွေးစင်အားကစားသမားများအနေဖြင့်လည်း သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုရှိရန်၊ စိတ်ပါဝင်စားစွာဖြင့် တန်ဖိုးထားဂုဏ်ယူစွာ ယှဉ်ပြိုင်ကစားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ့လက်ရွေးစင်အားကစားသမားများ၏ ဘဝ အာမခံချက်ရှိစေရေးအတွက်လည်း လုပ်ဆောင်ပေးရမည်ဖြစ်သည့် ထိုက်သင့်သည့် ချီးမြှင့်ငွေများ၊ ရပိုင်ခွင့်များကို ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ အားကစားနှင့် သက်ဆိုင်သည့် လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုကြောင်း။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစားဆောင်ရွက်နိုင်ရေး public sport area များ၊ အထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန် ရှိပြီး အားကစားမှူးများနှင့် ညှိနှိုင်း၍ နေရာဒေသအလိုက် အားကစားပွဲများကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ဒေသအသီးသီးရှိ နိုင်ငံတော်အဆင့်ကစားပေးခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုလည်း လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဖြည့်ဆည်းပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အားကစားမြှင့်တင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေခြင်းနှင့် လူငယ်များ၏စိတ်ဓာတ် (Mind Set) ကိုပြုပြင်ပေးခြင်းပင်ဖြစ်သဖြင့် နောင်လာမည့်ဆယ်စုနှစ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မြန်မာ့အားကစား တစ်ခေတ်ဆန်းလာစေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်  သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အားကစားရုံအတွင်း ပြုပြင်မွမ်းမံထိန်းသိမ်းထားရှိမှု အခြေအနေများနှင့် သုဝဏ္ဏအားကစားကွင်း တို့အားလှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ သုဝဏ္ဏဘောလုံးအားကစားကွင်းသို့ ရောက်ရှိရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က သုဝဏ္ဏ ဘောလုံး အားကစားကွင်း သမိုင်းအကျဉ်းနှင့် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လေ့ကျင့်ရေးကွင်းများထပ်မံတည်ဆောက်ထားရှိမှု၊ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများ လက်ခံကျင်းပခဲ့မှု အခြအနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဘောလုံးအားကစားသည် ကမ္ဘာတွင်ထင်ရှားပြီး ပရိသတ်အများအပြား အားပေးသည့် အားကစားတစ်ခုဖြစ်သည့်အပြင် နိုင်ငံ၏ အားကစားအဆင့်အတန်းကိုလည်း အလွယ်တကူတွေ့မြင်နိုင်သည်ဖြစ်သဖြင့် အချိန်ယူလေ့ကျင့်ရန် လိုအပ်မည်ဖြစ်ကာ ငယ်စဉ်ကတည်းကပြုစုပျိုးထောင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး မျိုးဆက်သစ် ဘောလုံးအားကစားသမားများပေါ်ထွက်လာစေရေး ငယ်ရွယ်စဉ်ကတည်းကပင် ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုသုဝဏ္ဏဘောလုံး အားကစားကွင်းတွင် ဘောလုံးအားကစားတစ်ခုတည်းအတွက်သာမက ပြေးခုန်ပစ်နှင့် အခြားအားစားနည်းများကိုပါ လေ့ကျင့်ခြင်းနှင့် ပြိုင်ပွဲများယှဉ်ပြိုင်ခြင်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်သဖြင့် အကျိုးရှိစွာဖြင့် လေ့ကျင့်ဆောင်ရွက်ကြစေလိုကြောင်းနှင့် အခြားလိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘောလုံးအားကစားကွင်းအတွင်းရှိ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးခန်းမအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။