အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌဖလား မိုးရာသီတံခွန်စိုက် မြန်မာ့ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

၂၆-၉-၂၀၂၂ ဝန်းရံခ

၂၀၂၂ ခုနှစ်၊ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌဖလား မိုးရာသီတံခွန်စိုက် မြန်မာ့ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့၊သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသားအားကစားရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုး၊ မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌဦးသက်လွင်၊ ဒုတိယဥက္ကဌနှင့်တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ နည်းပြအုပ်ချုပ်သူများနှင့် ဆုရအားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အမျိုးသမီးခြင်းလုံးအသင်း၏ သရုပ်ပြခတ်ကစားမှုအား ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ အမျိုးသားခြောက်‌ပေါက်တန်းပြိုင်ပွဲတွင် နှစ်သိမ့်ဆုရအသင်းများ၊ တတိယဆုရရွှေပြည်စိုး(မန္တ‌လေး)အသင်း၊ ဒုတိယဆုရချစ်ကြည်ရေး(လှိုင်သာယာ) အသင်း၊ ပထမဆုရ UTH Club အသင်းတို့မှ ကစားသမားတစ်ဦးချင်းဆုနှင့် ငွေသားဆုများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌဦးသက်လွင်နှင့် ဒု-ဥက္ကဌများက အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ အမျိုးသားခြောက်ပေါက်တန်းပြိုင်ပွဲတွင် တက်သစ်စဆုရရှိသော UTH Club အသင်းမှ ထက်မြက်ကျော်နှင့် ဇွဲမာန်(မုဒုံ)အသင်းမှ သန့်ကိုကိုအောင်နှင့် အကောင်းဆုံးအားကစားသမားဆုရရှိသော ရွှေပြည်စိုးအသင်းမှခန့်ညီညီတို့အား တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့က ဆုတံဆိပ်နှင့်ငွေသားဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် အမျိုးသား(၁၀)ပေါက်တန်းပြိုင်ပွဲတွင် နှစ်သိမ့်ဆုရအသင်းများအား တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်‌အောင်ကလည်းကောင်း၊ အကောင်းဆုံးအားကစားသမားဆုရရှိသော ကာကွယ်ရေးအသင်းမှရဲထက်ဝင်းအား တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးကလည်းကောင်း ဆုများချီးမြှင့်ကြပြီး တတိယဆုရ Lucky Top အသင်းအား တစ်ဦးချင်းဆုနှင့်ငွေသားဆုကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီးဥပဒေချုပ်ဦးဌေးအောင်က ပေးအပ်ချီးမြှင့်သည်။

ထို့နောက် အမျိုးသား(၁၀)ပေါက်တန်းပြိုင်ပွဲတွင် ဒုတိယဆုရ ကာကွယ်ရေးအသင်းနှင့် ပထမဆုရ ပဒေသာ(ပြင်ဦးလွင်) အသင်းတို့မှ ကစားသမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။