အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးရှိ အားကစားအဖွဲ့ချုပ်များနှင့် အား/ကာ(သိပ္ပံ) ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား

ရန်ကုန်၊ ဇူလိုင်(၂၃)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်(၇)နာရီအချိန်က ရန်ကုန်မြို့ အင်းလျားကန်ရှိမြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိရာ အားကစားသမားများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအမှာစကားပြောကြား၍ တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အမျိုးသား/အမျိုးသမီးအိပ်ဆောင်များရှိ AirCon များအား ကောင်းမွန်စေရန် စစ်ဆေးဆောင်ရွက်ပေးရန်နှင့် (၆)ခန်းတွဲ (၄)ထပ်အိပ်ဆောင် တည်ဆောက်မည့် မြေနေရာများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ ရောက်ရှိရာ (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ နံနက်စာစားသုံးနေမှုအားကြည့်ရှုပြီး အမျိုးသား/အမျိုးသမီးအိပ်ဆောင်များရှိ မျက်နှာချပ်များပျက်စီးနေမှု၊ ပြေးခုန်ပစ်အားကစားသမားများ၊ မျက်မမြင်ဂိုးဘောအားကစားသမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီးနောက် GYM အားကစားခန်းမတွင် လေ့ကျင့်နေသော အလေးမအားကစားသမားများနှင့် ထိုင်လျက်ဘော်လီဘောအားကစားလေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး နည်းပြ၊ အားကစားသမားများနှင့်တွေ့ဆုံ၍ ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြရန်နှင့် ဆုတံဆိပ်များရရှိပါကနိုင်ငံတော်မှ ဂုဏ်ပြုဆုကြေးငွေများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေး ကောင်းမွန်စေရန်အတွက် COVID-19 ရောဂါကင်းဝေးအောင် စနစ်တကျ နေထိုင်၊ စားသောက်ရန်လည်း လိုအပ်ကြောင်းမှာကြားခဲ့ပါသည်။

ထို့နောက် ဒဂုံမြောက်ရေကူးကန်သို့ ရောက်ရှိပြီး ရေကူးကန်အရှေ့တွင် တည်ဆောက်မည့် (၁၂၀ပေx၄၀ပေ)အမိုးပါ အထူးတန်းနှစ်ထပ်ပွဲကြည့်စင် တည်ဆောက်ရန် မြေနေရာအားကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းအင်အားလိုအပ်ချက်တင်ပြမှုအား ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တောင်ဥက္ကလာပရှိ ပဒေသာအားကစားကွင်းသို့ ရောက်ရှိပြီးပြေးခုန်ပစ် Systhetic ပြေးလမ်းဖောက်လုပ်ပြီးစီးမှုအား ကြည့်ရှုပြီး (၁၅၀ပေx၆၀ပေ) ရှိဘောလုံးကွင်း အထူးတန်းပွဲကြည့်စင်တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနောက်ဒဂုံမြို့နယ် ၊ ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်သို့ရောက်ရှိရာ အမျိုးသား ရေကူးကန်နှစ်ထပ်ပွဲကြည်စင် တည်ဆောက်မည့်မြေနေရာများ တည်ဆောက်ရာတွင်ပါရှိမည့် အဝတ်လဲခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ ပွဲကြည့်စင်ရှိVIPထိုင်ခုံများ ၊ ပရိသတ်ထိုင်ခုံများ တည်ဆောက်ရန်တို့အား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ရုံးဟောင်းတွင်ကျင်းပပြုလုပ်သည့် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ရှေးဦးစွာဌာနစိတ်အသီးသီး၏ ဝန်ထမ်းအင်အားစာရင်းများကိုတင်ပြပြီးနောက် ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများရှိ ကျောင်းသား/ကျောင်းသူများပညာရေး၊ ကျန်းမာ ရေး၊ စိတ်ဓာတ်အင်အား ကောင်းမွန်ကြစေရန် ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ ဝန်ထမ်းများလုပ်ငန်းများ၌ လုပ်ကိုင် ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်သုံးသပ်ဆုံးဖြတ် ဆောင်ရွက်တတ်စေရန် လိုအပ်ပါကြောင်း၊ ဆရာ/ဆရာမများအနေဖြင့်လည်း ပညာရေးပိုင်း၌ လိုအပ်ချက်များရှိပါက တင်ပြရန်လိုအပ်ပြီး မိမိကျောင်းကောင်းမွန်အောင် မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက်မှ အောင်မြင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်းပညာရေးနှင့် အားကစားကဏ္ဍာများတွင်များစွာ ပံ့ပိုးပေးလျက်ရှိသည့် အတွက် မိမိတို့အနေဖြင့်လည်းကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အားကစားလောက အောင်မြင်မှုရရှိရန် အတွက် ကြိုးစားဆောင်ရွက်ကြရန်နှင့် နည်းပြများအနေဖြင့်လည်း မိမိသက်ဆိုင်ရာ အားကစား နည်းများ၌ ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရန်၊ ပြောင်းလဲနေသောနည်းစနစ်များ၊ စည်းမျည်းစည်းကမ်းများ ကိုသိရှိနားလည်အောင်လေ့လာကြရန်နှင့် နည်းစနစ်မှန်မှန် သင်ကြားပို့ချပေးရန် ကျောင်းသူ/ ကျောင်းသားများအနေဖြင့်လည်း စည်းကမ်းရှိပြီး၊ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ကြိုးစားကြ ရန်လိုအပ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ထူးချွန်ကျောင်းသား အားကစားသမားများပေါ်ထွက်လာစေရန် အားကစားနှင့်ကာယပညာသိပ္ပံရှိအရာထမ်းများ၊ အမှုထမ်းများအားလုံး ကြိုးစားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လိုအပ်ချက်များရှိပါက မှန်မှန်ကန်ကန် တင်ပြပေးရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က အမှာစကားပြောကြားရာတွင် မိမိသည် အားကစားလောကကိုအောင်မြင်စေလိုပါကြောင်း၊ အားကစားကဏ္ဍများတွင်လည်းတတ်နိုင်သမျှ အစွမ်းကုန် ပါဝင်ကူညီဆောင်ရွက်ပေးမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးတွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းတည်ရှိခြင်းကိုများစွာဂုဏ်ယူပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမှ ကျောင်းသား/ကျောင်းသူများ ပညာရေးမြင့်မားစေရန်အတွက် ပညာရေးဌာနမှပါမောက္ခများ ဖိတ်ခေါ်၍ ဆွေးနွေးပွဲများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ ကျောင်းသား/ကျောင်းသူများ စိတ်ပျော်ရွှင်အပန်းပြေစေရန်အတွက် ပျော်ပွဲရွှင်ပွဲများ၊ အကျွေးအမွေးများ ပြုလုပ်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ အားကစားသမားကျောင်းသား/ကျောင်းသူများအားစိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဘက်စုံထူးချွန်ပြီးနိုင်ငံတော်အတွက်အားထားရသည့် လူငယ်များဖြစ်စေလိုကြောင်း၊ အလားတူ အားကစားအရာရှိများကလည်း မိမိသက်ဆိုင်ရာအားကစားနည်းများ၌ အောင်မြင်မှုရရှိအောင် ကြိုးစားဆောင်ရွက်ကြရန်ပြောကြားပြီးနောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းငွေတစ်လလျှင် ဆန်(၁၀) အိတ်(၆)သိန်းနှုန်းဖြင့်(၉) လစာအတွက် ငွေကျပ်(၅၄)သိန်းအား ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ တိုင်းဒေသကြီးဥပဒေချုပ်ဦးဌေးအောင်က လှူဒါန်းပေးအပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ ကျောင်းသူများနှင့် နေ့လည်စာအတူ စားသုံးခဲ့ပါသည်။

ထို့နောက် ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ ISPE ဘောလုံးအသင်းအား တွေ့ဆုံအားပေးစကားပြောကြား၍ လိုအပ်ချက်များ ပံ့ပိုး ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများ၏ အခြေခံစစ်ရေးပြလေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။