အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ရုံ၊ ပွဲကြည့်စင်နှင့်အိပ်ဆောင်တည်ဆောက်နေမှု အခြေအနေများနှင့် ရေကူးကန်များအားလိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ်(၁၀)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေတို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ သွားရောက်၍ (၆)ခန်းတွဲ (၄)ထပ်အိပ်ဆောင်တည်ဆောက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်း အရည်အသွေးကောင်းမွန်၍ သတ်မှတ်ကာလအတွင်း အချိန်မှီ ပြီးစီးစေရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် လှေလှော်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျန်းမာရေးသည် အဓိကအရေးကြီးသည့်အတွက် အားကစားသမားများ၏ ကျန်းမာရေးနှင့် သွားလာ၊ နေထိုင်၊ စားသောက်၊ လေ့ကျင့်မှုများအား အထူး ဂရုစိုက်ပေးကြရန်နှင့် ပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များရရှိအောင် လိုအပ်သည်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်း၏ အခက်အခဲများ တင်ပြချက်များအား ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်တွင် (၁၂၀ပေx၂၇ပေ) (၂)ထပ်ပွဲကြည့်စင် တည်ဆောက်နေမှုအခြေအနေများအားလည်းကောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဒဂုံ(မြောက်)ရေကူးကန် အရှေ့ဘက်တွင် (၁၂၀ပေx၄၀ပေ)အမိုးပါ အထူးတန်း(၂)ထပ်ပွဲကြည့်စင် တည်ဆောက်နေမှု အခြေအနေများအားလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း၌ (၁၅၀ပေx၆၀ပေ)ဘောလုံးကွင်း အထူးတန်းပွဲကြည့်စင် တည်ဆောက် နေမှုအခြေအနေများအားလည်းကောင်း၊ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦများ ရေရှည်တည်တံ့စေရန်နှင့် သက်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီပြီး အချိန်မှီပြီးစီးစေရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ရေကူးကန် သန့်ရှင်းသာယာလှပစေရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဝင်းအတွင်း (၄)ထပ်အိပ်ဆောင် တည်ဆောက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။