အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်မြို့၌ စခန်းသွင်းထားသော အားကစားအဖွဲ့ချုပ်အလိုက် အားကစားသမားများလေ့ကျင့်နေမှုများနှင့် တည်ဆောက်ရေးလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ဖေဖော်ဝါရီလ(၁၅)ရက်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ယနေ့ နံနက်(၇)နာရီခွဲ အချိန်က ရန်ကုန်မြို့ အင်လျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ရောက်ရှိပြီး (၆)ခန်းတွဲ (၄)ထပ် လှေလှော်အားကစားသမားအိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားပြီးနောက် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေသော လှေလှော်လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်နေမှုအားကြည့်ရှုပြီး အဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးမှုများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံခရစ်ကက် အဖွဲ့ချုပ်သို့ရောက်ရှိပြီး စခန်းသွင်းလေ့ကျင့်နေသည့် အားကစားသမားများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်သို့ရောက်ရှိ၍ (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြေးခုန်ပစ်အားကစားသမားများအား တွေ့ဆုံ၍အားပေးစကားပြောကြားပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ရေကူးကန်သို့ရောက်ရှိပြီး ၁၂၀ ပေ x ၄၀ ပေ (၂) ထပ်ပွဲကြည့်စင်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ယင်းနောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ မြို့နယ်အားကစားကွင်းအတွင်းရှိ မီတာ ၄၀၀ ဘောလုံးကွင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကာ ဆက်လက်၍ သိမ်ဖြူတင်းနစ်အားကစားကွင်းသို့ရောက်ရှိပြီး အားကစားသမားများ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ သိမ်ဖြူအားကစားခန်းမရှိ ရိုးရာလက်ဝှေ့အားကစားရုံသို့လည်းကောင်း အောင်ဆန်း အားကစားပြိုင်ဝင်းအတွင်းရှိ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်သို့ လည်းကောင်း၊ ဦးဝိစာရလမ်းရှိ အမျိုးသား ရေကူးကန်သို့လည်းကောင်း၊တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်းသို့လည်းကောင်း ရောက်ရှိ ပြီးလိုအပ်ချက်များမှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်၍ ဝန်ထမ်းများ၏တင်ပြချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ၄င်းနောက် (၁၂)ခန်းတွဲ (၄)ထပ် အမျိုးသားအိပ်ဆောင်နှင့် အမျိုးသမီးအိပ်ဆောင်၊ စားရိပ်သာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။