အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံ တည်ဆောက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ (၁၅)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားကွင်း/ရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူအားကစားခန်းမ တည်ဆောက်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် အားကစားခန်းမအတွက် လျှပ်စစ်မီးအမြန်ရရှိရေးဆောင်ရွက်သွားရန်၊ အားကစားခန်းမ အတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေး၊ အားကစားခန်းမနှင့်သင့်လျော်သည့် အားကစားနည်းများကို ဒေသခံပြည်သူများ လာရောက်လေ့ကျင့်ကစားနိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ပဲခူးမြို့ရှိ တိုင်းရုံး၊ ခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်း များဆောင်ရွက်ရာတွင် စနစ်တကျ တိကျမှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် ကျွမ်းကျင်မှုရှိစေရန် အမြဲလေ့လာသင်ယူမှတ်သားနေကြဖို့လိုကြောင်း၊ ဝန်ထမ်းများအချင်းချင်း တစ်ဦးပေါ်တစ်ဦး ချစ်ကြည် ရင်းနှီးစွာဖြင့် ညီအစ်ကိုမောင်နှမကဲ့သို့ ရိုင်းပင်းကူညီပူးပေါင်း ဆောင်ရွက်လုပ်ကိုင် သွားကြရန်လိုကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ အခက်အခဲများ၊ တင်ပြချက်များအား ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီးနောက် ဝန်ထမ်းအိမ်ရာများ၊ အားကစားသမားအိပ်ဆောင်များနှင့် အားကစားကွင်း/အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးရှိ ပဲခူးတိုင်းအားကစားကွင်း (၂၈.၇၉) ဧက အားကစားဉယျာဉ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း တည်ဆောက်နေမှုနှင့် အားကစား ဉယျာဉ်အတွင်း တည်ဆောက်လျက်ရှိသော ရိုးရိုးတန်းပွဲကြည့်စင်၊ အထူးတန်းပွဲကြည့်စင်နှင့် အဆင့်မြင့်မိုးလုံလေလုံ အားကစားရုံ တည်ဆောက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/ အားကစားရုံများ ရေရှည်တည်တံ့စေရေးအတွက် သတ်မှတ်အရည်အသွေး၊ စံချိန်/စံညွှန်းပြည့်မှီပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအပ်နှံနိုင်ရေးအတွက် သေချာကြပ်မတ် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ရင်ပြင်၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပပြုလုပ် လျက်ရှိသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနား၌ ဝန်ကြီးဌာန၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြု ပြခန်းများ၊ တိုင်းရင်းသား ရိုးရာအစားအစာနှင့် ဒေသထွက်ကုန် ပစ္စည်းအရောင်းပြခန်းများ ခင်းကျင်းပြသထားမှုများနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ကိုယ်စားပြု ခင်းကျင်းပြသထားသည့် ပြခန်းသို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။