အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၅)ခရိုင် ဘိလိယက်ပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ စနူကာပြိုင်ပွဲဖွင့်ပွဲ့ အခမ်းအနားတက်ရောက်

မကွေး သြဂုတ် ၂၆

၂၀၂၂ ခုနှစ်၊မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် ဘိလိယက်ပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံစနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၆ ရက် ယနေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖနှင့် လူငယ်မောင်မယ်များ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုပြိုင်ပွဲကို လူငယ်လူရွယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး မိမိတို့ ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့် ကစားရာမှ တိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့် စနူကာအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ဘိလိယက်နှင့်စနူကာအားကစားနည်းဟာ အခြားအားကစားနည်းများလို အရပ်အမောင်းနှင့်ခန္ဓာကိုယ်ဖွဲ့စည်းမှု ကိုယ်ခန္ဓာကြံ့ခိုင်မှုက အဓိကမကျဘဲ မျှော်မှန်းတွက်ဆမှု သဘောတရား၊ စိတ်တည်ငြိမ်မှုအလေ့အကျင့်နှင့် ခံနိုင်ရည်ရှိမှု၊ မိမိကိုယ်မိမိ ယုံယုံကြည်ကြည် ဆုံးဖြတ်တတ်မှု၊ ကျွမ်းကျင်မှုက ပိုမိုအရေးပါသလို အသက်အရွယ်အားဖြင့် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ယှဉ်ပြိုင်နိုင်သည့်အတွက် ပင်ကိုယ်ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်တဲ့ မြန်မာလူမျိုးများနဲ့ အလွန်လိုက်ဖက်ညီတဲ့ အားကစားနည်းလည်းဖြစ်ပါကြောင်း၊ မြန်မာ့ဘိလိယက် လက်စွမ်းထက် တိုးတက်ပြန့်ပွားဒို့ကြိုးစား ဆိုသည့် ဆောင်ပုဒ်အတိုင်းအရှေ့တောင် အာရှအားကစားပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် ဘိလိယက်နှင့်စနူကာ အားကစားသမားများသည် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိနေတာကိုလည်း တွေ့ရှိရမှာဖြစ်ကြောင်း၊ မြန်မာ့အားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် ဘက်ပေါင်းစုံက အရှိန်အဟုန်မြှင့် ဆောင်ရွက်တဲ့နေရာမှာ အားကစားသမားများနှင့် နည်းပြများ၏ အခန်းကဏ္ဍဟာ အရေးကြီးသလို တာဝန်ယူစီမံခန့်ခွဲသူများရဲ့ အပိုင်းကလည်း အရေးကြီးတဲ့အတွက် ဘက်ပေါင်းစုံမှ ဟန်ချက် ညီညီ ပူးပေါင်းပံ့ပိုး ကြိုးစားဆောင်ရွက်သွားကြဖို့နှင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့်လည်း အောင်မြင်မှုရရှိရန်အတွက် တရားသော ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရမယ် ဆိုသည့် အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ၍ ဝန်ကြီးချုပ် ဖလား(၅)ခရိုင် ဘိလိယက်ပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ စနူကာပြိုင်ပွဲ စတင်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ဘိလိယက်ထိုး၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ၊ (၅)ခရိုင်မှ အားကစားသမားများ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။

၂၀၂၂ ခုနှစ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၅)ခရိုင် ဘိလိယက်ပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ စနူကာပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခရိုင်မှ ဘိလိယက်နှင့်စနူကာ ကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး။ အဆိုပါ ပြိုင်ပွဲကို (၂၆-၈-၂၀၂၂) ရက်နေ့မှ (၂၉-၈-၂၀၂၂) ရက်နေ့ထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။