အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှု (Joint Training)ပြုလုပ်ရန် မြန်မာအားကစားအဖွဲ့ (ဒုတိယအသုတ်) ပြည်ပထွက်ခွာ

ရန်ကုန်၊ နိုဝင်ဘာလ(၁၆)ရက်။

မြန်မာ-တရုတ် နှစ်နိုင်ငံအားကစားပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဆားမြို့၌ ပူးတွဲလေ့ကျင့်မှုပြုလုပ်ရန် ဒုတိယအသုတ်အနေဖြင့် ထွက်ခွာမည့် မြန်မာဝူရှူးအားကစားအဖွဲ့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး သည် နှုတ်ဆက်အမှာစကားပြောကြားရာ၌ မိမိကျန်းမာရေးအား အထူးဂရုစိုက်စေရန်၊ အားကစားသမားအချင်းချင်း ညီအစ်ကိုမောင်နှမအရင်းအခြာအတိုင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် စိတ်ဝမ်းမကွဲစေဘဲနေထိုင်ကြစေရန်၊ ပူးတွဲလေ့ကျင့်သည့် ပညာရပ်များအား နောင်လာမည့် မျိုးဆက်သစ်များအား မွေးထုတ်ပေးနိုင်ရန်အတွက် အစွမ်းကုန်လေ့လာသင်ယူစေပြီး၊ SEA Games တွင်လည်းအောင်မြင်မှုရရှိစေရန်နှင့် အရေးပေါ် အခက်အခဲကိစ္စရပ်များရှိပါက အသင်းအုပ်ချုပ်သူနှင့် တာဝန်ရှိသူများအား အဆင့်ဆင့် တင်ပြသတင်းပို့ရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌကလည်း အားကစားသမားများအား လိုအပ်ချက်များမှာကြား၍ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀ စီအား ပေးအပ်ခဲ့ပါသည်။

အဆိုပါ အားကစားအဖွဲ့သည် ယနေ့နေ့လယ် (၁၃:၅၀)နာရီအချိန်တွင် လေယာဉ်အမှတ် MU 2032 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံ ဝူရှူးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။

ယင်းအားကစားအဖွဲ့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေသန့် (အုပ်ချုပ်သူ)နှင့်အတူ နည်းပြ (၁)ဦး၊ အမျိုးသား အားကစားသမား(၁၀)ဦး၊ အမျိုးသမီးအားကစားသမား(၅)ဦး ၊ စုစုပေါင်း (၁၇) ဦးတို့ လိုက်ပါသွားကြပါသည်။

တတိယအသုတ်အနေဖြင့် ၂၁.၁၁.၂၀၂၂ ရက်နေ့တွင် မြန်မာပြေးခုန်ပစ် အားကစားအဖွဲ့နှင့် မြန်မာလက်ဝှေ့ အားကစားအဖွဲ့တို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။