အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ကြည့်ရှုအားပေးချီးမြှင့်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈ ရက်။

(၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ အားကစားမောင်မယ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်ပေါင်းစုံ ဘောလုံး (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲစဉ် အဖြစ် ရန်ကုန်ဇုန်အသင်းနှင့် ပုသိမ်ဇုန်အသင်းတို့ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါပွဲစဉ်တွင် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အကြိတ်အနယ် အနိုင်မခံအရှုံးမပေး စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကြပြီး ပွဲကစားချိန် ၇ မိနစ်တွင် ရန်ကုန်ဇုန်အသင်းကအဖွင့်ဂိုး ဦးဆောင်သွင်းယူနိုင်ခဲ့သော်လည်း ပုသိမ်ဇုန်အသင်းက ပွဲကစားချိန် ၃၃ မိနစ်တွင် ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။

ယင်းနောက် ဒုတိယပိုင်းကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကစားချိန် ၆၁ မိနစ်တွင် ရန်ကုန်ဇုန် အသင်းက ဒုတိယဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ပွဲကစားချိန် ၇၁ မိနစ်တွင် ပုသိမ်ဇုန်အသင်းက ချေပဂိုးထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ဒုတိယပိုင်း ပွဲပြီးဆုံးချိန်အထိ တစ်ဖက် နှစ်ဂိုးစီရရှိခဲ့ကြသည်။

ထို့နောက် အချိန်ပိုယှဉ်ပြိုင်ကစားကြရာ ပုသိမ်ဇုန်အသင်းက အချိန်ပို ၇ မိနစ် ၃၄ စက္ကန့်တွင် တတိယဂိုးကို သွင်းယူနိုင်ခဲ့သော်လည်း ရန်ကုန်ဇုန်အသင်းက ပွဲကစားချိန် ၁၃ မိနစ် ၅၀ စက္ကန့်တွင် ပယ်နယ်တီမှတစ်ဆင့် ခြေပဂိုးသွင်းယူခဲ့သဖြင့် တစ်ဖက်သုံးဂိုးစီ ရရှိကြသည်။

ဆက်လက်၍ ပယ်နယ်တီ ငါးလုံး အဆုံးအဖြတ်ရယူရာ ရန်ကုန်ဇုန်အသင်းက လေးဂိုးနှင့် ပုသိမ်ဇုန် အသင်းက သုံးဂိုးသွင်းယူ နိုင်ခဲ့သဖြင့် ရန်ကုန်ဇုန်အသင်းက စုစုပေါင်း ခုနစ်ဂိုး – ခြောက်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အကောင်းဆုံးဂိုးသမားဆုရရှိသည့် ပုသိမ်ဇုန်အသင်းမှ ဂိုးသမား ဟိန်းထက်ကိုကို၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အကောင်းဆုံးနောက်တန်း အားကစားသမားဆုရရှိသည့် မော်လမြိုင်ဇုန်အသင်းမှ ဆန်းပြည့်စုံစိုး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးရန်ကျော်က အကောင်းဆုံးအလယ်တန်း အားကစားသမားဆုရရှိသည့် ရန်ကုန်ဇုန်အသင်းမှ အောင်နိုင်စိုး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ခွန်စံလွင်က အကောင်းဆုံးရှေ့တန်း အားကစားသမားဆုရရှိသည့် မကွေးဇုန် အသင်းမှ ရဲရင့်မောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာကျော်ထွန်းက ဂိုးသွင်းအများဆုံး အားကစားသမားဆုရရှိသည့် ရန်ကုန်ဇုန်အသင်းမှ လှိုင်ဘွား၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကိုက ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုရရှိသည့် ရန်ကုန်ဇုန်အသင်းမှ နေစိုးလင်းတို့ကို တစ်ဦးချင်း အကောင်းဆုံး ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်က တတိယဆုရရှိသော မော်လမြိုင်ဇုန်အသင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပိုးရယ်အောင်သိန်းက ဒုတိယဆုရရှိသော ပုသိမ်ဇုန်အသင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပထမဆုရရှိသည့် ရန်ကုန်ဇုန်အသင်းတို့ကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပထမဆုရရှိသည့် ရန်ကုန်ဇုန်အသင်းကို ငွေသားဆုနှင့်တံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

ဆုချီးမြှင့်ပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ယခုကျင်းပခဲ့သည့် ဘောလုံးပြိုင်ပွဲသည် အဆင့်မြင့်ပညာဦးစီးဌာနရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များကို အောက်မြန်မာပြည်ဇုန်လေးခုနှင့် အထက်မြန်မာပြည်ဇုန်လေးခုသတ်မှတ်၍ လူရွေးပွဲများကို သက်ဆိုင်ရာဇုန်အလိုက် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။