အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဆီးဂိမ်းစ် ဆီမီးဖိုင်နယ်ရောက် မြန်မာ အမျိုးသမီးဘောလုံးအသင်းအား နိုင်ငံတော်မှ အမေရိကန် ဒေါ်လာ (၁)သိန်း ထပ်ဆောင်းချီးမြှင့်

နေပြည်တော်၊ မေ(၁၆)

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၃၁)ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စုနောက်ဆုံး ပွဲစဉ်တွင် စင်ကာပူအသင်းအား (၁)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိကာဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်သွားခဲ့သည်။

အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက အသင်းတည်းခိုရာ ဟိုတယ်သို့ လာရောက်တွေ့ဆုံအားပေးခဲ့ကာ နိုင်ငံတော်က ထပ်ဆောင်းချီးမြှင့်သည့် အမေရိကန်ဒေါ်လာ(၁)သိန်းကို မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းအား ပေးအပ်ချီးမြင့်သည်။

ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းနှင့်အတူ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလီဘောအသင်းကိုလည်း အတူတကွ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အသင်းများအား နိုင်ငံ့ဂုဏ်‌ဆောင်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ရန် တိုက်တွန်းအားပေးစကား ပြောကြားသည်။

မြန်မာအမျိုးသမီးအသင်းသည် အုပ်စု(ခ)တွင် ထိုင်း၊ လာအို၊ စင်ကာပူ အသင်းတို့နှင့် ရင်ဆိုင်ခဲ့ရကာ (၂) ပွဲနိုင်၊ (၁)ပွဲ သရေ ရမှတ် (၇) မှတ်ဖြင့် အကြိုဗိုလ်လုပွဲ(ဆီမီးဖိုင်နယ်)သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် အကြိုဗိုလ်လုပွဲစဉ်အဖြစ် လာမည့် မေလ (၁၈)ရက်နေ့ မြန်မာစံတော်ချိန် ညနေ(၆)နာရီခွဲတွင်အိမ်ရှင် ဗီယက်နမ် အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရှိရသည်။