အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၂)နာရီတွင် နေပြည်တော်၊ စစ်မှုထမ်းဟောင်းကြီးကြပ်မှုအဖွဲ့ရုံး၊ ပုဗ္ဗသီရိမြို့နယ်၌ ကျင်းပခဲ့သည်။

အခမ်းအနား၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာန၏ လုပ်ငန်းစဉ်(၁၀)ရပ်တွင် ပါရှိသည့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် လေ့ကျင့်ပြုစုမွေးထုတ်ပေးရေးစီမံကိန်းအရ လုပ်ငန်းခွင်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လက်တွေ့လုပ်ငန်းနယ်ပယ်တို့ ဆက်စပ်မှုပိုမိုအားကောင်းလာစေရန်ရည်ရွယ်ပြီး ယခု အသက်မွေးဝမ်းကျောင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်ရေးရာဦးစီးဌာန၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် လူငယ်များအလုပ် အကိုင်ရရှိရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေးအတွက် အမှန်တကယ် အလုပ်အကိုင် ဝင်ငွေရရှိစေမည့် အသက်မွေးဝမ်းကျောင်းနည်းပညာပေး (ကာလတို) သင်တန်းများကိုလည်း ထပ်မံဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များ၏ စားဝတ်နေရေး ချောင်လည်နိုင်စေရန်နှင့် တစ်နိုင်တစ်ပိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်စေရန် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းနည်းပညာပေး သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းကြောင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာပြီး လုပ်ငန်းစတင်လုပ်ကိုင်လိုသူများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့်လည်း တစ်ဦးချင်း စွမ်းဆောင်ရည်ရှိပြီး မိမိတတ်ကျွမ်းသည့် အတတ်ပညာများကို တစ်ပါးသူများအား ပြန်လည်မျှဝေနိုင်စေရန်အတွက် ကြိုးစားသင်ယူသွားကြရန်လိုကြောင်း၊ သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများကိုကြိုးစားသင်ယူရန်နှင့် တစ်ဦးကောင်း တစ်ယောက်ကောင်းစိတ်မမွေးဘဲ အဖွဲ့အစည်းစိတ်ဓာတ်မွေးပြီး စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို မတ်လ (၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ စစ်မှုထမ်းဟောင်းကြီးကြပ်မှုအဖွဲ့ရုံး၌ သင်တန်းသား/သင်တန်းသူ (၃၂)ဦးအား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြ ဒေါ်စုလှိုင်မြင့် (ဦးစီးအရာရှိ)နှင့် ဒေါ်ရီရီဝင်း (ဒုတိယဦးစီးမှူး)တို့မှ ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်၊ Hand Gel ၊ သစ်သီးယိုအမျိုးမျိုး ပြုလုပ်နည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။

အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး(၂) ဦးကျော်ဇံမြင့်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်နှင့် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော် စစ်မှု ထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စစ်မှုထမ်းဟောင်းဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။