အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဂျူဒိုနည်းပြနှင့်ဒိုင်လူကြီးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန်(၂၀)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒိုနည်းပြနှင့်ဒိုင်လူကြီးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် ဂျူဒိုပညာရပ်သည် ဂျပန်လူမျိုးများ၏ ရိုးရာအားကစားနည်းဖြစ်ပြီး အပြန်အလှန်လေးစားမှုရှိရန်၊ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံနှုတ်ဆက်တိုင်း စနစ်တကျဦးညွတ်အလေးပြုနှုတ်ဆက်ရသည့်ဓလေ့ကို ရိုသေလေးစားသမှုနှင့် လေးနက်စွာ နှုတ်ဆက်အလေးပြုရန် လွန်စွာအရေးကြီးကြောင်း၊ ဂျူဒိုအစ အလေးပြုခြင်းကဆိုသည့်အတိုင်း ပထမဦးဆုံး ဂျူဒိုအားကစားနည်းကို သင်ကြားသည့်အခါ အလေးပြုခြင်းက စတင်သင်ကြားရခြင်းဖြစ်ပြီး မိမိပြိုင်ဖက်အား လေးစားခြင်း၊ မိမိကိုယ်ကို နှိမ့်ချရိုကျိုးခြင်းဖြစ်သည့်အတွက် အလေးပြုရခြင်း ရည်ရွယ်ချက်ကို သိရှိအောင် သင်ကြားပေးရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့မသိသေးသည့် အချို့သော နည်းစနစ်များ၊ အယူအဆ၊ အတွေးအခေါ်များကို All Japan Judo Federation မှ ဂျပန်နည်းပြဆရာ Mr. HIRRANUMA YAMATO က ယခုသင်တန်းတွင် သင်ကြားပို့ချပေးသွားမည်ဖြစ်၍ နည်းပြများအတွက် အထူးအခွင့်အရေးတစ်ရပ်ဖြစ်ပြီး ရက်တိုသင်ကြားရသည့်အတွက် စိတ်ပါဝင်စားစွာဖြင့် လိုက်နာသင်ကြား ကြရန်လိုကြောင်း၊ ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် ဂျူဒိုအားကစားနည်း၏ နည်းစနစ် အခြေခံများဖြစ်သည့် ကိုင်တွယ်မှုများ၊ ရွေ့လျားနည်းများ၊ ပုံဖျက်ခြင်းများကို ပိုမိုသိရှိနားလည်လာနိုင် မည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် တပ်မတော် ကြည်း၊ ရေ၊ လေ ဂျူဒို ပြိုင်ပွဲနှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတို့တွင် ယခုသင်တန်း၌ သင်ကြားတတ်မြောက်ခဲ့သည့် နည်းစနစ်များကို မိမိအားကစားသမားများအား လက်တွေ့ ပြန်လည်သင်ကြားပေးခြင်းဖြင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့်အခါ များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ အနိုင်မခံ အရှုံးမပေးသည့်စိတ်ဓာတ်၊ ရဲရင့်သည့်စိတ်ဓာတ်များဖြင့် တီထွင်ကြံဆတွေးခေါ်မှုများနှင့် နည်းစနစ်များကို ပေါင်းစပ်ပြီး အောင်မြင်အောင် လေ့ကျင့်သင်ကြားပေးသွားကြရန်လိုကြောင်း၊ နိုင်ငံတော် အနေဖြင့် အားကစားကဏ္ဍ တိုးတက်စေရန်အတွက် အားပေးဆောင်ရွက်လျက်ရှိပြီး အောင်မြင်မှုရရှိခဲ့ကြသည့် အုပ်ချုပ်/နည်းပြများနှင့်အားကစားသမားများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိကြောင်း၊ (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဂျုဒိုအားကစားနည်းအနေဖြင့် ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၃)ခုသာ ရရှိခဲ့သည့်အတွက် အားနည်းချက်/အားသာချက်များကို ပြန်လည် လေ့လာသုံးသပ်ပြီး လာမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ယခုထက် ပိုမို အောင်မြင်မှုများရရှိအောင် ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ စွမ်းရည်ပြည့်ဝသည့် နည်းပြဆရာများ၏ အခန်းကဏ္ဍမှာ အရေးကြီးသည့်အတွက် ယခုသင်တန်းတက်ရောက်ကြသည့် သင်တန်းသား/ သင်တန်းသူများအနေဖြင့် မိမိတို့တာဝန်ကျရာ နေရာဒေသများတွင် အခြေခံကောင်းမွန်ပြီး ဝါသနာပါသည့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန်အတွက် မိမိတို့ ကိုယ်တိုင် အရည်အချင်းပြည့်ဝ၍ ထူးချွန်ထက်မြက်ပြီး ကိုယ်ကျင့်တရားကောင်းမွန်သည့် နည်းပြဆရာကောင်း များဖြစ်အောင် ကြိုးစားပြုမူနေထိုင်သွားကြရန် အထူးမှာကြားလိုကြောင်းပြောကြားခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ဂျူဒိုနည်းပြနှင့်ဒိုင်လူကြီးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)သင်တန်းကို ၂၀၂၃ ခုနှစ် ဇွန်လ(၂၀)ရက်နေ့မှ ဇူလိုင်လ(၁)ရက်နေ့အထိ သင်တန်းသား(၂၉)ဦး၊ သင်တန်းသူ(၁၁)ဦး၊ စုစုပေါင်း(၄၀)ဦးဖြင့် ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။