၂၀၂၃ ခုနှစ် မြားပစ်အားကစားနည်း၏ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကျင်းပ
နေပြည်တော်၊ မေ(၂၃)။
မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)မှ လက်ရွေးစင်မြားပစ်အားကစားသမားများနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ လူငယ်မျိုးဆက်သစ်မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်ပိုင်းတွင် မြား(၃၆)ချောင်း (၂)ကြိမ်၊ မြား(၇၂)ချောင်း (Ranking Round) ပစ်ခတ်ပြီးနောက် ညနေပိုင်းတွင် ရှုံးထွက်ပွဲစဉ်များအဖြစ် ကွာတားဖိုင်နယ်ပွဲစဉ်များ၊ အကြိုဗိုလ်လုပွဲ ပွဲစဉ်များနှင့် တတိယလုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ပစ်ခတ်ခဲ့ကြပြီး မေ(၂၄)ရက်နေ့ နံနက်(၈)နာရီတွင် ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ပစ်ခတ်သွားမည်ဖြစ်သည်။
အဆိုပါ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် မေ(၂၃)ရက်နေ့မှ မေ(၂၄)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စုစုပေါင်းအားကစားသမား(၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။




