အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဒဏ်သင့် အရာထမ်း/ အမှုထမ်းများအား ထောက်ပံ့ပစ္စည်းများကို စတုတ္ထအကြိမ်ဖြန့်ခွဲပေးအပ်ပွဲ အခမ်းအနားကျင်းပ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ငလျင်ဒဏ်သင့် အရာထမ်း/ အမှုထမ်းများအား အလှူရှင်များမှ လှူဒါန်းထားသည့် ထောက်ပံ့ပစ္စည်းများကို စတုတ္ထအကြိမ်ဖြန့်ခွဲပေးအပ်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် မတ်လ ၂၈ ရက်နေ့၌ ၇.၇ ရစ်(ခ်)တာ စကေးနှုန်းဖြင့် လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ခံစားခဲ့ရသည့် မိမိတို့ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း/ အမှုထမ်းများအား နေထိုင်စားသောက်မှုများ၊ သောက်ရေနှင့် သုံးရေများ အဆင်ပြေချောမွေ့စေရန် အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)တွင် ယာယီနေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထား ပြီဖြစ်ကြောင်း၊ ပြင်းထန်သည့် ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ယာ များအား ကျွမ်းကျင်ပညာရှင်များက အတည်ပြုစစ်ဆေး၍ သတ်မှတ်ထားသည့် လိမ္မော်ရောင် နှင့် အနီရောင်အဆင့် ဝန်ထမ်းအိမ်ယာများတွင် နေထိုင်ခဲ့သည့် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်း များ ယာယီနေထိုင်မှုများ အဆင်ပြေချောမွေ့စေရန် နိုင်ငံတော်အကြီးအကဲ၏ ညွှန်ကြားချက် ဖြင့် တည်ဆောက်ပေးလျက်ရှိသည့် ဘာရှာများတွင် အမှုထမ်းများအား ပြောင်းရွှေ့နေထိုင် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ သက်သာချောင်ချိ စေရေးအတွက် သီးပင်/ စားပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးများ ပြုလုပ်သွားကြရန်နှင့် မိမိပတ်ဝန်းကျင် သန့်ရှင်းသာယာမှုရှိစေရေးအတွက် အချင်းချင်း မိသားစုစိတ်ဓာတ်ထားရှိပြီး ဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ယနေ့ အခမ်းအနားတွင် အလှူရှင်များမှ ထောက်ပံ့လှူဒါန်းပေးထားသည့် ပစ္စည်းများကို ဝန်ထမ်းများ အား ညီတူညီမျှ ပြန်လည်ခွဲဝေပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် ညွှန်ကြားရေးမှူးချုပ်များက လှူဒါန်းပစ္စည်းများကို ဌာနခွဲများမှ ဝန်ထမ်း ကိုယ်စားလှယ်များအား ဆန်၊ ဆီ၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကို ပေးအပ်ခဲ့ပြီး နောက် အခြားထောက်ပံ့ပစ္စည်းများကို အရာထမ်း/ အမှုထမ်းများအား ကံစမ်းမဲစနစ်ဖြင့် မဲနှိုက်၍ အသီးသီး ခွဲဝေပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။





