မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း

ဖွင့်လှစ်သည့် ရည်ရွယ်ချက်၊ ရက်စွဲနှင့် တည်နေရာ

မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအား မြန်မာ့အားကစားအနေဖြင့် တစ်ချိန်က ရွှေခေတ်သို့ ရောက်ခဲ့ဖူးကြောင်း အများပြည်သူများ သိရှိစေရန်၊ ခေတ်အဆက်ဆက် နိုင်ငံဂုဏ်ဆောင် ဆုတံဆိပ်၊ ဆုဖလားများ ရယူပေးခဲ့သည့် အားကစားသမားများ၏ မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာ၍ အားကျအတုယူနိုင်စေရန်၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးအား ကျင်းပ ပြုလုပ်သည့် အချိန်၌ မြန်မာတပြည်လုံးမှ တိုင်းရင်းသား လုပ်သားပြည်သူများ၊ နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ အားကစားသမားများ မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်း အား ကြည့်ရှုလေ့လာနိုင်ရန် ရည်ရွယ်၍ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone နေပြည်တော်၌ ဖွင့်လှစ်ခဲ့ပါသည်။

ဖွင့်လှစ်ပြသထားသော ပြခန်းများ

မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအနေဖြင့် အောက်ပါပြခန်း (၇)ခန်း၊ ရှင်းလင်းဆောင် (၁) ခန်းနှင့် ပြပွဲခန်းမ (၁) ခန်း စုစုပေါင်းပြခန်း (၉)ခန်းတို့ဖြင့် ဖွင့်လှစ်ပြသလျက်ရှိပါသည်-

  • အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေးခန်းမ)
  • (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် နိုင်ငံတော်အကြီးအကဲ များနှင့် ပြည်ထောင်စုဝန်ကြီးများမှ ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ဂုဏ်ပြုအခမ်းအနား၊ အားကစားပြိုင်ပွဲ များသို့ ကြည့်ရှုအားပေးသည့် မှတ်တမ်းဓာတ်ပုံများနှင့် အားကစားကွင်း၊ အားကစားရုံများသို့ ကြည့်ရှု စစ်ဆေးသည့် မှတ်တမ်းဓာတ်ပုံများပြခန်း
  • (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုနှင့် အားကစားရွာ၊ Social Zone ဖွင့်ပွဲ မှတ်တမ်းဓာတ်ပုံများပြခန်း
  • (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် နိုင်ငံဂုဏ်ဆောင် ရွှေတံဆိပ်ဆု ရရှိခဲ့သူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများ ပြခန်း
  • (၂၀၁၆-၂၀၂၀) အစိုးရလက်ထက် အားကစားလှုပ်ရှားဆောင်ရွက်မှုများ ပြခန်း
  • မြန်မာ့အားကစားမော်ကွန်းခန်းမပြခန်း
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှား ဆောင်ရွက် မှုများပြခန်း (တည်ဆောက်ဆဲ)
  • ရှင်းလင်းဆောင်
  • ပြပွဲခန်းမ

သမိုင်းအစဉ်အလာအချက်အလက်များ

မြန်မာ့အားကစားသည် ရှေးမြန်မာဘုရင်တို့၏ ခေတ်အဆက်ဆက်၌ တိုင်းပြည်အင်အားကို ဖော်ထုတ်ပြသသည့် ဆင်ခင်း၊ မြင်းခင်း၊ လှေခင်းသဘင်ပွဲတော်များနှင့်အတူ လက်လှဲ၊ နပမ်း၊ လက်ဝှေ့၊ ပြေးခုန်ကျော်လွှား၊ ဓားခုတ်၊ လှံထိုး၊ ဆင်ရေး၊ မြင်းရေး၊ လှေထိုး၊ လှေလှော် စွမ်းရည်ပြသ ပြိုင်ပွဲများအတွက်နှင့် ဇာတိသွေး၊ ဇာတိမာန် တက်ကြွဖွယ်ရာ လှုပ်ရှားမှုများအနေဖြင့်လည်းကောင်း၊ ပြည်သူများအကြားတွင် ဓလေ့ထုံးတမ်းစဉ်လာ ကစားနည်းဖြစ်သည့် လွန်ဆွဲ၊ လှေလှော်၊ ခြင်းလုံးခတ်ကစားခြင်းနှင့် လူငယ်လူရွယ် ကလေးသူငယ်များ၏ ကစားခုန်စား ရိုးရာအားကစားနည်းများအနေဖြင့် လည်းကောင်း၊ ပြည်သူများအကြား ရင်းနှီးကျွမ်းဝင်မှုများ ရှိနေသည်ကို သမိုင်းတွင် မြင်တွေ့ခဲ့ရပြီး ဖြစ်ပါသည်။

သို့သော် ကိုလိုနီခေတ်တွင် အဆိုပါ ဇာတိသွေး၊ ဇာတိမာန်ဆိုသည့် စိတ်နိုးကြား တက်ကြွဖွယ်ရာ လှုပ်ရှားမှုများအား လွတ်လပ်ရေးဆုံးရှုံးမှုနှင့်အတူ တိမ်မြုပ်ပျောက်ကွယ်ခဲ့ရပြီး ၁၉၀၀ ပြည့်နှစ်များ နောက်ပိုင်းတွင် အမျိုးသားရေး အသွင်သဏ္ဍာန်ဖြင့် ပြန်လည်နိုးထလာခဲ့ကြပါသည်။

ထိုစဉ်က လှုပ်ရှားခဲ့သည့် BAA (Burmmer’s Accelative Association) အသင်းကြီးသည် ဗြိတိသျှလူမျိုး အသိုက်အဝန်းထဲမှ အမှုဆောင်များက အဓိက ကြိုးကိုင်ပါဝင်ခဲ့ကြပြီး ဘောလုံးကစားနည်းမှ အခြားအားကစား လှုပ်ရှားမှုများအားလုံးကို ကိုယ်စားပြုနိုင်ခဲ့ကာ အပြည်ပြည်ဆိုင်ရာ အားကစားအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ခြင်းမရှိ၊ အမျိုးသားရေး အသွင်သဏ္ဍာန် အနေဖြင့်လည်း မဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေမျိုးဖြင့်သာ ရပ်တည်လာခဲ့ပါသည်။ ထို့ကြောင့် မြန်မာလူမျိုးများထဲမှ ပထမဦးဆုံး အိုလံပစ်ပြိုင်ပွဲဝင်ဖြစ်ခဲ့သည့် အလေးမအားကစားသမား ဦးဇော်ဝိတ် နှင့် ၎င်းကို မွေးထုတ်ပေးခဲ့သည့် အုပ်ချုပ်နည်းပြ ဦးရှိန်တို့သည် ၁၉၆၃ ခုနှစ်၊ ဘာလင်အိုလံပစ်ပြိုင်ပွဲ၌ အိန္ဒိယအားကစားအဖွဲ့ဝင်များအနေဖြင့်သာ သွားရောက်ယှဉ်ပြိုင်ခဲ့ကြရပါသည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် လွတ်လပ်ရေး ကြိုးပမ်းမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ခရီးနှင် လာခဲ့သည့်အချိန်တွင် အားကစားကဏ္ဍကို အမျိုးသားရေးအနေဖြင့် ပြည်သူများနှင့် စာနယ်ဇင်းများ ကပါ ဝိုင်းဝန်းအားပေးလာသည့်အတွက် ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့၌ မြန်မာနိုင်ငံ အိုလံပစ် အသင်း (Burmer Olympic Association) ကို စတင် တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။ ထို့ပြင် ဗမာပြည် အိုလံပစ်အသင်းကြီးကို နာယကအဖြစ် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့်အချိန်တွင် မြန်မာ့အားကစား လှုပ်ရှားမှုသည် ရှေ့သို့ အလျင်အမြန်၊ အရှိန်အဟုန်ဖြင့် ချီတက်နိုင်ခဲ့ပြီး မြန်မာ့အားကစားတိုးတက်မြင့်မားရေး လှုပ်ရှားမှုကို အစိုးရ အဆက်ဆက် အကူအညီ ပေးနိုင်ရေးအတွက် အစပျိုး လမ်းခင်းပေးနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးသည့် နောက် ဦးနုသည် မြန်မာနိုင်ငံ အိုလံပစ်အသင်းကြီး၏ နာယက တာဝန်ကို လွှဲပြောင်းယူခဲ့ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပထမအကြိမ် မြန်မာ့အိုလံပစ်ပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကာ လန်ဒန်အိုလံပစ်ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်များကိုလည်း ရွေးချယ်စုစည်း သွားရောက် ယှဉ်ပြိုင်စေခဲ့ပါသည်။

မြန်မာအိုလံပစ်အသင်းကြီးသည် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အာရှအားကစား အဖွဲ့ချုပ်၏ အဖွဲ့ဝင်နိုင်ငံအဖြစ် အာရှအားကစားပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါသည်။ ထိုအချိန် မြန်မာ့အားကစား လှုပ်ရှားမှုများသည် အစိုးရမဟုတ်သည့် အဖွဲ့အစည်းအနေဖြင့်သာ ရှိနေ ခဲ့ပြီး အားကစား တိုးတက်မြင့်မားရေး အကောင်အထည်ဖော်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ပိုမိုထိရောက်စွာ လှုပ်ရှားဆောင်ရွက်နိုင်မည့် အစိုးရအဖွဲ့အစည်း တစ်ခု အဖြစ် ၁၉၅၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပါသည်။ ကောင်စီလက်ထက် ၁၉၆၂ ခုနှစ်တွင် ဒုတိယအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ် ပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် ရန်ကုန်မြို့၌ အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ပြီး နိုင်ငံအလိုက် ပထမ နေရာကို ထိုက်တန်စွာ ရယူခဲ့ပါသည်။

၁၉၆၂ ခုနှစ် အိမ်စောင့်အစိုးရ တက်လာခဲ့ပြီးသည့်နောက် ၁၉၆၄ ခုနှစ် မေလ (၂၇) ရက်နေ့တွင် အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီကို ဖျက်သိမ်းပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အားကစားနှင့် ကာယပညာကော်မတီကို အစားထိုးဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ၁၉၆၉ ခုနှစ် ဒီဇင်ဘာလတွင် ပဉ္စမ အကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပခွင့် ရရှိခဲ့ပါသည်။ ၎င်းပြိုင်ပွဲသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ပထမအကြိမ်ထက် ပိုမို စည်ကားသိုက်မြိုက်စွာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီး နိုင်ငံအလိုက်အဆင့်တွင် ပထမနေရာ အား ထိုက်တန်စွာ ရယူနိုင်ခဲ့ပါသည်။

၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အစိုးရ လက်ထက်တွင် အစိုးရဌာနဆိုင်ရာများကို ခေတ်စနစ်နှင့် လိုက်လျောညီထွေစွာ ပြောင်းလဲဖွဲ့စည်းခဲ့သည့်အချိန်၌ မြန်မာ့အားကစား တိုးတက်မြင့်မားရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်မည့် အားကစားနှင့်ကာယပညာဦးစီးဌာနကို ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင် ထည့်သွင်းဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၃ ခုနှစ် တပ်မတော်အစိုးရလက်ထက်တွင် ဝန်ကြီးချုပ်ရုံး၊ ဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းပေးခဲ့ပါသည်။ နိုင်ငံတော်အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး အကောင်အထည်ဖော် ဆောင်ရွက်မှုလုပ်ငန်းများကို ပိုမို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အားကစားဝန်ကြီးဌာနအား သီးခြားဝန်ကြီးဌာန တစ်ခုအဖြစ် ဖွဲ့စည်းလိုက်ပါသည်။ ထို့ကြောင့် အားကစားဝန်ကြီးဌာနသည် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ နိုင်ငံတကာ အဆင့်မီ အရည်အသွေးရှိသော ထူးချွန်အောင်မြင်သည့် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာ့အားကစားသမားများ အောင်မြင်မှု ရရှိစေရေးစသည့် ရည်ရွယ်ချက်များ ချမှတ်ပြီး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ အောင်မြင်မှုများ လက်ဝယ် ပိုင်ဆိုင် ရရှိ‌စေရန်အတွက် ခေတ်အဆက်ဆက် နိုင်ငံတော်အကြီးအကဲများ ကိုယ်တိုင် အားပေး ချီးမြှောက်ခဲ့ပါသည်။ ဒီမိုကရေစီ အစိုးရလက်ထက် နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သည့်‌အချိန်တွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်အတွက်  အားကစားကဏ္ဍကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်းတို့ ကိုယ်တိုင် အစဉ်တစိုက် အားပေးကြည့်ရှုခဲ့ပါသည်။ “ရေမြင့်လျှင် ကြာတင့်” ဆိုသည့် စကားအတိုင်း နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် စိတ်ဝင်တစား အားပေးချီးမြှောက်မှုများ၊ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ အစဉ်တစိုက် ကြိုးစားအားထုတ်မှုများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ ပူးပေါင်းပါဝင်မှုကြောင့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံအလိုက်အဆင့် (၂) ရရှိခဲ့ပြီး မြန်မာ့အားကစားသမိုင်းတွင် ဂုဏ်ယူနိုင်ခဲ့ပါ သည်။

ထို့ကြောင့် ခေတ်အဆက်ဆက် အောင်မြင်မှုများရရှိခဲ့သော အားကစားလောက ရွှေခေတ်များဆီမှ ပုံရိပ်များနှင့် ပါဝင်ကြိုးပမ်းခဲ့သူအပေါင်း၏ မှတ်တမ်းပုံရိပ်ကောင်းများကို အားကစားဝန်ကြီးဌာနမှ ရှာဖွေစုဆောင်း၍ အစဉ်အမြဲ မပျောက်မပျက် ထိန်းသိမ်းထားနိုင်ရန်အတွက် ခေတ်အဆက်ဆက် အောင်မြင်ခဲ့ကြသည့် မြန်မာ့အားကစား သမိုင်းတလျှောက်ပုံရိပ်များအား မြန်မာပြည်သူလူထု တွေ့မြင်ဂုဏ်ယူနိုင်ရန်၊ မျိုးဆက်သစ် လူငယ်အားကစားသမားများ အနေဖြင့်လည်း ရှေးခေတ် အားကစားသမားကြီးများ၏ အောင်မြင်မှုမှတ်တမ်းများကို တွေ့မြင်ပြီး အားကျအတုယူကာ စိတ်ဓာတ်ခွန်အားများ မြင့်တက်လာစေရန်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ နိုင်ငံတကာမှ ဧည့်သည်တော်များ လာရောက်သည့် ခရီးစဉ်များအတွင်း မြန်မာ့အားကစားလောက၏ ဂုဏ်ယူဖွယ်ရာပုံရိပ်များ လေ့လာကြည့်ရှုနိုင်ရန် ရည်ရွယ်၍ အားကစားပြတိုက်အား နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ Social Zone တွင် တည်ဆောက်ခင်းကျင်းပြသလျက်ရှိပါသည်။

အားကစားပြတိုက်တွင် အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေးခန်းမ)၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် နိုင်ငံတော်အကြီးအကဲများနှင့် ပြည်ထောင်စုဝန်ကြီးများမှ ဖွင့်ပွဲ/ပိတ်ပွဲ၊ ဂုဏ်ပြုအခမ်းအနား၊ အားကစားပြိုင်ပွဲများသို့ ကြည့်ရှုအားပေးသည့် မှတ်တမ်း ဓာတ်ပုံများနှင့် အားကစားကွင်း၊ အားကစားရုံများသို့ ကြည့်ရှု စစ်ဆေးသည့် မှတ်တမ်းဓာတ်ပုံများ ပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုနှင့် အားကစားရွာ၊ Social Zone ဖွင့်ပွဲ မှတ်တမ်း ဓာတ်ပုံများပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆု ရရှိခဲ့သူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၀၁၆-၂၀၂၀) အစိုးရလက်ထက် အားကစားလှုပ်ရှားဆောင်ရွက်မှုများ ပြခန်း၊ မြန်မာ့အားကစား မော်ကွန်းခန်းမပြခန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် မြန်မာ့အားကစား လှုပ်ရှားဆောင်ရွက်မှုများပြခန်း (တည်ဆောက်ဆဲ)၊ ရှင်းလင်းဆောင်၊ ပြပွဲခန်းမ ဟူ၍ ပြသလျက်ရှိပါသည်။

အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေးခန်းမ)သည် သမိုင်းအစဉ်အလာရှိခဲ့သည့် မြန်မာ့အားကစားသမားများ၏ ပြခန်းဖြစ်ပါသည်။ ထိုပြခန်းအတွင်းတွင် မြန်မာ့အားကစားလောက တိုးတက်ဖွံ့ဖြိုးရန် ဦးစီးဦးဆောင်ခဲ့သည့် ကာယဗလဖခင်ကြီးများ ဖြစ်ကြသော ကာယဗလဦးရှိန်နှင့် ဦးဇော်ဝိတ် တို့၏ ရုပ်ထုများကို ခင်းကျင်းပြသထားပါသည်။ ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း အရှေ့တောင်အာရှ နှင့်အာရှအဆင့်များတွင် အောင်မြင်မှုများရရှိခဲ့ပြီး အိုလံပစ်အဆင့်အထိ ထိုးဖောက်နိုင်ခဲ့သော ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ အလေးမ၊ လက်ဝှေ့စသည့် အားကစားနည်းများမှ အောင်မြင်မှုများ ရရှိခဲ့သော အားကစားသမားများ၏ မှတ်တမ်းဓာတ်ပုံများနှင့် ဆုတံဆိပ်များကို ခင်းကျင်းပြသထားပါသည်။ ဆက်လက်၍ အောင်မြင်မှုအမြင့်မားဆုံးဖြစ်သည့် မြန်မာဘောလုံးအသင်း အနေဖြင့် အာရှ ချန်ပီယံ (၂) ကြိမ်၊ အရှေ့တောင်အာရှချန်ပီယံ (၅) ကြိမ်၊ မာဒေးကားဖလားချန်ပီယံ (၄)ကြိမ်၊ ဂျကာတာဖလားချန်ပီယံ (၄) ကြိမ်၊ ပတ်ချုံဟီးဖလားချန်ပီယံ (၃)ကြိမ်၊ မာဟာရာလင်ဖလား ချန်ပီယံ (၃) ကြိမ်၊ လူငယ်ချန်ပီယံ (၈) ကြိမ်အထိ ရရှိခဲ့သော ဆုတံဆိပ်များနှင့် အားကစားသမားများ၏ တစ်ဦး ချင်း ဆုတံဆိပ်များကို ခင်းကျင်းပြသထားလျက်ရှိကာ အာရှလက်ရွေးစင်အဖြစ် ရွေးချယ်ခြင်းခံရသော ဗိုလ်မှူးဗဟာဒူး၊ ဗိုလ်ကြီးတင်အောင်၊ ဗိုလ်ကြီးမောင်မောင်တို့၏ မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့ကြသည့် အားကစားသမားများအား ပြည်သူလူထုမှ သောင်းသောင်း ဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများ အပါအဝင် ၁၉၆၇ ခုနှစ် မြူးနစ်အိုလံပစ်ပြိုင်ပွဲတွင် မြန်မာ့ဘောလုံးအသင်းအနေဖြင့် အသန့်ရှင်းဆုံးဆုရရှိခဲ့သည့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်း ခင်းကျင်း ပြသထားလျက်ရှိပါသည်။ ထို့အပြင် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အခြား နိုင်ငံဂုဏ်ဆောင် အားကစားသမားကြီးများ ဖြစ်ကြသည့် သေနတ်ပစ်အားကစားနည်းမှ ရွှေတံဆိပ် (၉) ဆု ဆွတ်ခူး ရရှိခဲ့သော ဗိုလ်မှူးကျော်ရှိန်၊  အလေးမအားကစားနည်းမှ ရွှေတံဆိပ် (၁၃) ခု ရရှိခဲ့သော မြန်မာ့လူသန်ကြီးအဖြစ် တင်စားခြင်းခံရသည့် ဦးစန်းမြင့်၊ ပြင်သစ်နိုင်ငံ ကမ္ဘာ့အလေးမပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် လူကျော်ရင်၊ ၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်ပြိုင်ပွဲတွင် အမြန်မ (၁၅၀) ကမ္ဘာ့စံချိန် ပထမဆုံးတင်နိုင်ခဲ့သည့် အလေးမ အားကစားသမားကြီး ဦးအောင်ဖေ၊ ၁၉၅၄ ခုနှစ် ဩစတေးလျနိုင်ငံ ဗီယင်နာမြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့အလေးမပြိုင်ပွဲ ဖဲသာဝိတ်တန်းတွင် စုစုပေါင်း (၇၂၇)ပေါင် “မ” နိုင် သည့်စံချိန်ဖြင့် တတိယရရှိခဲ့သော ဦးထွန်းမောင်၏ မှတ်တမ်းဓာတ်ပုံများ၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ်ဆု (၈) ဆုရရှိခဲ့သော မြန်မာ့လက်ရွေးစင် ရေကူးချန်ပီယံ တင်မောင်နီ၊ ပြေးခုန်ပစ်အားကစား နည်းမှ ရွှေတံဆိပ် (၁၆) ဆုရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများဖြစ်သည့် ဒေါ်ဂျနီဖာ တင်လေး၊ ရွှေတံဆိပ် (၁၂) ဆုရှင် ဒေါ်သန်းသန်း၊ ရွှေတံဆိပ် (၁၂) ဆုရှင် ဒေါ်ခင်ခင်ထွေး၊ ရွှေတံဆိပ် (၁၂) ဆုရှင် ယဉ်မေ၊ ရွှေတံဆိပ် (၉) ဆုရှင် မာမာမင်းနှင့် ရွှေတံဆိပ် (၄) ဆုရှင် ဦးအောင်သန်း၊ ယခင် တိုင်းရင်းသား မာရသွန် အားကစားသမားကြီးများ ဖြစ်ကြသည့် ရွှေတံဆိပ် (၅) ဆုရှင် မီတုန်းနော်၊ ရှင်ဗွေဂန်း၊ သံလုံးပစ်လက်ရွေးစင် ဦးသိန်းဝင်းနှင့် ဒေါ်ပေါရွှေတို့၏ မှတ်တမ်းဓာတ်ပုံများ၊ လက်ဝှေ့ အားကစားသမား တင်ထွန်း၏ မှတ်တမ်းဓာတ်ပုံများ အပါအဝင် မြန်မာ့လက်ရွေးစင် ဘော်လီဘော အသင်း၏ အောင်မြင်မှု မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားပါသည်။ ဆက်လက်၍ ခေတ် အဆက်ဆက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများမှာ အောင်မြင်မှု ဆုတံဆိပ်ရရှိခဲ့ကြသည့် အားကစားသမားများ၏ ဆုတံဆိပ်များ၊ (၂၆) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်းအလိုက် ပြိုင်ပွဲယှဉ်ပြိုင်နေမှု မှတ်တမ်းများနှင့် ဆုတံဆိပ်ရရှိခဲ့ကြတဲ့ အားကစားသမားများ၏ မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတကာအားကစား ပြိုင်ပွဲများမှ ရရှိခဲ့ကြသည့် အထိမ်းအမှတ် ပစ္စည်းများ၊ နိုင်ငံတကာ အားကစားပြိုင်ပွဲ အသီးသီးသို့ သွားရောက်ယှဉ်ပြိုင်ကြသည့် မြန်မာနိုင်ငံ ကိုယ်စားပြု အားကစားအသင်းအဖွဲ့များကို ပြိုင်ပွဲအထိမ်းအမှတ်အဖြစ် ပေးအပ်သော မှတ်တမ်းလွှာများကို ခင်းကျင်း ပြသထားလျက်ရှိပါသည်။

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် နိုင်ငံတော်အကြီးအကဲများနှင့် ပြည်ထောင်စုဝန်ကြီးများမှ ဖွင့်ပွဲ/ပိတ်ပွဲ၊ ဂုဏ်ပြုအခမ်းအနား၊ အားကစားပြိုင်ပွဲများသို့ ကြည့်ရှု အားပေးသည့် မှတ်တမ်းဓာတ်ပုံများနှင့် အားကစားကွင်း၊ အားကစားရုံများသို့ ကြည့်ရှု စစ်ဆေးသည့် မှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုနှင့် အားကစားရွာ၊ Social Zone ဖွင့်ပွဲ မှတ်တမ်းဓာတ်ပုံများ ပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး ၌ နိုင်ငံဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့သူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်း ဓာတ်ပုံများ ပြခန်းတို့တွင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးမှ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပသည့် အားကစားကွင်း/အားကစားရုံများအား လိုက်လံ ကြည့်ရှုစစ်ဆေးသည့် မှတ်တမ်းဓါတ်ပုံများ၊ ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများကို နိုင်ငံတော်သမ္မတမှ ဂုဏ်ပြုပွဲ ကျင်းပပေးသည့် အခမ်းအနား မှတ်တမ်းဓါတ်ပုံများ၊ ဖွင့်ပွဲအခမ်းအနား မှတ်တမ်းဓါတ်ပုံများနှင့် ပြိုင်ပွဲသို့ နိုင်ငံတော်အကြီးအကဲများနှင့် ပြည်ထောင်စုဝန်ကြီးများ လာရောက်ကြည့်ရှု့အားပေးသည့် မှတ်တမ်းဓါတ်ပုံများကို ခင်းကျင်းပြသထားလျက်ရှိပါသည်။

ဆက်လက်၍ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး၊ အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှု အခြေအနေများ၊ Social Zone အားကစားရွာ ဖွင့်ပွဲအခမ်းအနားနှင့် ကူညီထောက်ပံ့ပေးသည့်အဖွဲ့များအား နိုင်ငံတော်သမ္မတမှ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည့် မှတ်တမ်းဓါတ်ပုံများ၊ ပြိုင်ပွဲကျင်းပရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုဦးဆောင်ကော်မတီ နာယက၊ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းမှ ဦးစီးပြုလုပ်သည့် အစည်းအဝေးများ၊ အားကစားသမားများ လေ့ကျင့်နေမှုနှင့် အားကစားကွင်း/အားကစားရုံများ ကြည့်ရှု စစ်ဆေးသည့် မှတ်တမ်းဓါတ်ပုံများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီ နာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးစီးပြုလုပ်သည့် အစည်းအဝေးများ၊ အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနား မှတ်တမ်းဓါတ်ပုံများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှ အားကစားကွင်း/အားကစားရုံများအား ကြည့်ရှုစစ်ဆေးသည့် မှတ်တမ်းဓါတ်ပုံများ၊ အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးသောင်းထိုက် အားကစားသမားများ လေ့ကျင့်နေမှုများအား ကြည့်ရှု စစ်ဆေးသည့် မှတ်တမ်းဓါတ်ပုံများ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ် ကောင်စီ အစည်းအဝေးနှင့် အားကစားအဖွဲ့ခေါင်းဆောင်များ အစည်းအဝေးပြုလုပ်သည့် မှတ်တမ်းဓါတ်ပုံများ၊ မီးရှူးတိုင် သယ်ယူခြင်း မှတ်တမ်းဓါတ်ပုံများ၊ ဝဏ္ဏသိဒ္ဓိ Social Zone နှင့် အားကစားရွာ Social Zone ဖွင့်ပွဲမှတ်တမ်းဓါတ်ပုံများ၊ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဇော်ဝင်းမှ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးသည့် မှတ်တမ်းဓါတ်ပုံများ၊ ပြိုင်ပွဲ၌ ဝင်/ထွက်သည့် ကဒ်ပြားများ စစ်ဆေးဆောင်ရွက်နေမှု မှတ်တမ်းဓါတ်ပုံများ၊ အားကစားရွာအတွင်းရှိ အိပ်ဆောင်ခန်း၊ စားရိပ်သာ၊ ဆေးခန်းနှင့် GYM လေ့ကျင့်ခန်းများ ထားရှိဆောင်ရွက်ပေးမှု မှတ်တမ်းဓါတ်ပုံများ၊ ပြိုင်ပွဲတွင် ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓါတ်ပုံများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီး ကော်မတီ နာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်းမှ အားကစားကွင်း/အားကစားရုံများအား ကြည့်ရှု စစ်ဆေးသည့် မှတ်တမ်းဓါတ်ပုံများ၊ ပြခန်း (၃)အတွင်းတွင် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆု ရရှိခဲ့သူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲ ယှဉ်ပြိုင်နေမှု မှတ်တမ်းဓါတ်ပုံများကို ခင်းကျင်းပြသထားပြီး ရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့သည့် အားကစား သမားများ၏  မှတ်တမ်းဓါတ်ပုံများ၊ ပြိုင်ပွဲတွင် တက်ကြွစွာ အားပေးခဲ့ကြသည့် ပြည်သူ့ပရိတ်သတ်နှင့် Cheering Team အဖွဲ့များ၏ မှတ်တမ်းဓါတ်ပုံများ၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခဲ့သည့် အားကစားနည်း(၃၃)မျိုးမှ ရိုးရာလှေလှော် အားကစားပြိုင်ပွဲ မှတ်တမ်းဓါတ်ပုံများ၊ မွေအားကစား၊ သေနတ်ပစ်၊ ပိုက်ကျော်ခြင်း၊ မြင်းစီး၊ ဗိုဗီနမ်၊ စစ်တုရင်၊ ပြေးခုန်ပစ်အားကစား၊ တိုက်ကွမ်ဒို၊ ပီတန်း အားကစားပြိုင်ပွဲ မှတ်တမ်းဓါတ်ပုံများနှင့် ကနူးကယက်၊ အပြည်ပြည်ဆိုင်ရာ လှေလှော်၊ ရေကူး၊ ဒိုင်ဗင်၊ ဂျူဒို၊ ပန်ကြပ်ဆီလတ်၊ နပမ်း စသည့် မှတ်တမ်း ဓါတ်ပုံများအား ခင်းကျင်းပြသထားလျက်ရှိပါသည်။

(၂၀၁၆-၂၀၂၀) အစိုးရလက်ထက် အားကစားလှုပ်ရှားဆောင်ရွက်မှုများ ပြခန်းတွင် ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာ့အားကစားအနေဖြင့် ပြည်တွင်း/ပြည်ပ ပြိုင်ပွဲများနှင့် လှုပ်ရှားဆောင်ရွက် မှုများ၏ မှတ်တမ်းဓာတ်ပုံများအား စုစည်းပြသထားလျက်ရှိပါသည်။

အားကစားမော်ကွန်းခန်းမပြခန်းတွင် အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများနှင့် အခြား နိုင်ငံတကာပြိုင်ပွဲများတွင် ရွှေတံဆိပ် (၃) ခုနှင့်အထက် ရယူပေးနိုင်ခဲ့သည့် မြန်မာ့အားကစားသမားများ၏ ပုံတုရုပ်တုများ၊ ရွှေတံဆိပ် (၃) ခုအောက် ရယူပေးနိုင်ခဲ့သည့် မြန်မာ့ အားကစားသမားများ၏ မှတ်တမ်းဓာတ်ပုံများအား ခင်းကျင်းပြသထားလျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် မြန်မာ့အားကစား လှုပ်ရှားဆောင်ရွက် နေမှုမှတ်တမ်းများအား ပြသနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားဆောင်ရွက်မှုများပြခန်းအား ယခုစတင်ဆောက်လုပ်လျက်ရှိပါသည်။

နိုင်ငံတော်အကြီးအကဲများနှင့် တာဝန်ရှိ အရာရှိကြီးများ လာရောက်ကြည့်ရှုရာတွင် ပြခန်းများ ၏ အချက်အလက်များကို Projector ဖြင့် ရှင်းလင်းပြသနိုင်ရန်အတွက် ရှင်းလင်းဆောင်အနေဖြင့် ပြင်ဆင်ဆောင်ရွက်ထားလျက်ရှိပါသည်။

မြန်မာတပြည်လုံးမှ တိုင်းရင်းသား လုပ်သားပြည်သူများ၊ ကျောင်းသား/သူများ၊ နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ အားကစားသမားများ မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်း များအား လာရောက်ကြည့်ရှုလေ့လာချိန်တွင် ပြခန်းများ၏ အချက်အလက်များကို Projector ဖြင့် ရှင်းလင်းပြသနိုင်ရန်အတွက် ပြပွဲခန်းမအနေဖြင့် ပြင်ဆင်ဆောင်ရွက်ထားလျက်ရှိပါသည်။